မူလ / လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်အမှတ်တရစကား

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်အမှတ်တရစကား

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်

ဒီကနေ့ကျရောက်တဲ့ မိမိတို့ရဲ့ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေ ကြတဲ့ မြန်မာပြည်သူ၊ ပြည်သားအပေါင်း အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင်ရဲ့ (၇၉) နှစ်ပြည့် မွေးနေ့မှသည် ကျန်းမာ ကြံ့ခိုင်စွာနဲ့ တိုင်းပြည်အကျိုး ဆက်လက်သယ်ပိုးထမ်းဆောင်နိုင်တဲ့ အခွင့်အလမ်း လျင်မြန်စွာ ပွင့်လန်းပါစေကြောင်း ဦးစွာပထမ မွေးနေ့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဒီကနေ့ မိမိတို့ ခေါင်းဆောင်ရဲ့ မွေးနေ့အခါသမယမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား အမှတ်တရစကား ပြောကြားခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
မွေးနေ့ရှင် လူထုခေါင်းဆောင်ကိုယ်တိုင် တက်ရောက်နိုင်တဲ့ နောင်မွေးနေ့ပွဲများမှာ မိမိတို့အားလုံး အတူတူ ဆုံဆည်းကျင်းပနိုင်မယ့် နေ့ရက်များကို မျှော်ရည်ဆန္ဒပြုရင်း မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း တော်လှန်ရေး ညီအစ်ကိုမောင်နှမများ နှင့်အတူ စစ်အာဏာရှင်စနစ်ဆိုးကနေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့၊ ငြိမ်းချမ်းဖွံ့ဖြိုးပြီး တည်တံ့တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ ကျရာကဏ္ဍကနေ ဆက်လက်ပါဝင်သွားမည်ဆိုတာ ထပ်လောင်း ကတိပြုလိုပါတယ်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတစ်ခု၏ ခေါင်းဆောင်မျှသာ မဟုတ်ဘဲ နိုင်ငံတစ်ဝှမ်း ပြည်သူများ၏ ရင်ထဲမှာ လူထုခေါင်းဆောင်အဖြစ် လေးစားအားကိုးခြင်းခံရသူ ဖြစ် ကြောင်း ဒီကနေ့ (၇၉)နှစ်မြောက် မွေးနေ့အခါသမယမှာ ပိုပြီး ပီပြင်ပေါ်လွင်လှပါတယ်။ ပြည်တွင်း ပြည်ပ ဒေသအသီးသီးမှ မွေးနေ့ရှင်နှင့် အမြဲတွဲစပ်တဲ့ ပန်းပုံရိပ်ကို ကိုယ်စားပြုတဲ့ ပန်းသပိတ်နဲ့ နွေဦးတော်လှန်ရေး၏ နိမိတ်ပုံကို ခတ်နှိပ်သရုပ်ဖော်နေကြတာလည်း မြင်တွေ့နေရပါတယ်။ မိမိ တို့၏ ခေါင်းဆောင်ဟာ ၁၉၈၈ ခုနှစ်၊ လူထုတော်လှန်ရေး အရေးတော်ပုံကြီးကနေ စပြီးတော့ အသက် ၄၀ ကျော်ကတည်းကနေ ဒီကနေ့အထိ ၃၆ နှစ်တိုင် စစ်အာဏာရှင်တွေရဲ့ လက်အောက် ကနေ ပြည်သူတွေကို လွတ်မြောက်ဖို့၊ တိုင်းပြည်ကို ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့တဲ့ စွန့်လွှတ်မှုပေါင်းများစွာ ပေးဆပ်ပြီး မဆုတ်မနစ်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါတယ်။ သံမဏိနှင်းဆီလို့တောင် မော်ကွန်းတင်ရသူ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်း မှာ အရက်စက်ဆုံး ဖိနှိပ်မှုမျိုးစုံနဲ့ ဖိအားပေး နှိပ်ကွပ်ခံရပေမယ့် ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လို ဒုက္ခနဲ့ ကြုံတွေ့နေရပါစေ ပြည်သူ့မျက်နှာ၊ တိုင်းပြည်အနာဂတ်ကိုသာ မျက်နှာမူတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် နှင့်အတူ မတရားဖမ်းဆီးအကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ် မြောက်ရေးအပါအဝင် မိမိတို့ရဲ့ ရည်မှန်းချက်များ အောင်မြင်ပြည့်မီဖို့ မိမိတို့ တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန်နားလည်မှုတွေ တိုးမြှင့်သွားကြပါ စို့လို့ ဒီကနေ့မှာ ထပ်လောင်းတိုက်တွန်းလိုပါတယ်။ ကမ္ဘာ့မိသားစုဝင်တွေဖြစ်ကြတဲ့ နိုင်ငံတကာ အသီးသီးက ခေါင်းဆောင်ကြီးများအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တကယ့်ပြည်သူတွေရဲ့ လိုအင် ဆန္ဒအမှန်ကို သိမြင်ကြပါစေ၊ ကြားသိကြပါစေ၊ ကူညီစွမ်းဆောင်နိုင်ကြပါစေကြောင်းလည်း ဆန္ဒပြု တိုက်တွန်းအပ်ပါတယ်။

(၇၉) နှစ် ပြည့်မြောက်တဲ့ မွေးနေ့ရက်မှာ မတရားဖမ်းဆီးခံထားရရုံမျှမက ဘယ်နေရာ မှာ ထားရှိတယ်၊ ဘယ်လိုအခြေအနေမှာ ရှိတယ်ဆိုတာကို လုံးဝမသိရတဲ့ စိုးရိမ်ဖွယ် အခြေအနေ အောက်မှာ မိမိတို့ ခေါင်းဆောင်ဟာ ရောက်ရှိနေပါတယ်။ ဒီအခြေအနေကို အမြန်ဆုံး ကျော်လွှား နိုင်ရေးဟာ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ တော်လှန်ရေးအောင်ပွဲဆီ မိမိတို့အားလုံး ပိုမိုစည်းလုံးညီညွတ်စွာနဲ့ ခံယူချက်တွေ မယိုင်မလဲနဲ့ ရှေ့ဆက်လျှောက်လှမ်းကြပါစို့လို့ အင်အားစုအသီးသီးကို မေတ္တာရပ်ခံလိုပါတယ်။

ကမ္ဘာကျော် နပိုလီယန်ရဲ့ စကားတစ်ခုကို မျှဝေချင်ပါတယ်။ အဲဒါကတော့ “ရန်သူ လျှောက်စေချင်တဲ့လမ်းကို လျှောက်မိတာလောက် မှားတဲ့အမှားမရှိဘူး” ဆိုတဲ့ စကားလေးပါပဲ။ ကျနော်တို့ဟာ ရန်သူလျှောက်စေချင်တဲ့လမ်းအတိုင်း လျှောက်မိတာမျိုး မဖြစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ရန်သူဘက်က ဘယ်လိုပဲ သွေးခွဲနှောင့်ယှက်မှုတွေနဲ့ ကြုံလာပါစေ စိန်ခေါ်မှုတွေများလာတာနဲ့အမျှ မိမိတို့ တော်လှန်ရေးအင်အားစုများအားလုံး တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲကိုင်ပြီး ညီညွတ်မှုတွေ၊ နားလည်မှုတွေ၊ အပြန်အလှန် လေးစားယုံကြည်မှုတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။

“အမှောင်ဆုံးသော သန်းခေါင်ဟာ အရုဏ်ဦးဖို့အတွက် နိမိတ်လက္ခဏာဖြစ်သလို ဒီကနေ့ အခက်အခဲဆုံးအချိန်ဟာ နောင်မျိုးဆက်သစ်တွေအတွက် သာယာဖြောင့်ဖြူးမယ့် ခရီးတစ်ခု ဖြစ်မယ်” ဆိုတာ အကြွင်းမဲ့ယုံကြည်ထားကြရမှာလည်း ဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို အတုယူကြရင်း ခေါင်းဆောင်ရဲ့ မွေးနေ့အခါသမယမှာ သန္နိဋ္ဌာန် ထပ်ဆင့် ပြုပြီး ရှေ့ဆက်ချီတက်ကြပါစို့လို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုပါတယ်။

ပြည်သူ၊ ပြည်သားအားလုံးရဲ့ ပို့သတဲ့မေတ္တာတွေနဲ့ တော်လှန်ရေးသတိ၊ ဇွဲသတ္တိတို့ ကြောင့် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်နှင့်တကွ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။ မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောင်နှစ်ပေါင်းများစွာတိုင်အောင် မိမိ ချစ်ခင် ရတဲ့ နိုင်ငံသူ၊ နိုင်ငံသားများနဲ့အတူတူ ပျော်ရွှင်တဲ့ဘဝခရီးလမ်းကို အေးချမ်းစွာ ဖြတ်သန်း လျှောက်လှမ်းနိုင်ပါစေကြောင်း ထပ်မံ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Scroll to Top