၂၇-၉-၂၀၂၄ ရက် (သောကြာနေ့)၊ မြန်မာစံတော်ချိန် နံနက် ၁၀၀၀ နာရီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၆) နှစ်မြောက် ဒီကနေ့အခမ်းအနား ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ကိုယ်စား နှုတ်ခွန်းဆက်စကားပြောကြားခွင့် ရဖို့ ဖိတ်ကြားပေးတဲ့ အဖွဲ့ချုပ်က တာဝန်ရှိသူများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီကနေ့ အခမ်းအနားကို အလေးထားပြီးတော့ တက်ရောက်ပေးကြတဲ့ အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းအပါအဝင် တိုက်ရိုက်ထုတ်လွှင့် မှုကို ကြည့်ရှုနေကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကိုလည်း လေးစားစွာ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ နိုင်ငံတော်အတွက် အလေးအနက်ထားပြီး သံယောဇဉ်ကြီးစွာနဲ့ တက်ရောက်ပေး ကြတဲ့ ဆရာတော်များကိုလည်း တပည့်တော်အနေနဲ့ ဒီနေရာကနေ ဦးတင်ပြီးတော့ ကန်တော့ ပါတယ်ဘုရား။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သမိုင်းကြောင်းနဲ့ စွမ်းဆောင်မှုတွေဟာ ယာယီ သမ္မတကြီး မိန့်ကြားသွားတဲ့အတိုင်းပဲ လှိုင်းကြီးလေထန် ရုန်းကန်ရှင်သန်မှုတွေဟာ မျက်မှောက် သမိုင်းမှာ အထင်အရှားရှိပြီးတော့ အထူးအရောင်တင်မွှန်းဆိုစရာမရှိလောက်အောင်ကို ပေါ်လွင်ပြီး ဖြစ်ပါတယ်။ ပါတီကြီး စတင်သန္ဓေတည်ပေါ်ထွန်းလာတာက ၁၉၈၈ ခုနှစ်၊ လူထုအရေးတော်ပုံ ကြီးက စတင်ခဲ့တာဖြစ်လို့ တစ်ပါတီအာဏာရှင်စနစ်အပါအဝင် ဘယ်လိုအာဏာရှင်စနစ်မျိုးမှ ကျွန်တော်တို့နိုင်ငံမှာ ပေါ်ထွန်းမလာစေရေး အခြေခံက ဖြစ်ပါတယ်။ တစ်မျိုးပြောရင် လာခြင်း ကောင်းသော ပါတီတစ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးအပြည့်အဝရရှိပြီးတော့ ခွင့်တူ ညီမျှရှိတဲ့ ပြည်ထောင်စုဖော်ဆောင်ရေးအတွက် အမြဲမပြတ် ဦးတည်ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက်ကြောင့် လားခြင်းကောင်းသော ပါတီတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားပြည်သူအများစုရဲ့ ထောက်ခံမှုတွေကို ရွေးကောက်ပွဲတိုင်းမှာ သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူနဲ့အတူ ရပ်တည်ပြီးတော့ ပြည်သူရှိရင် ပါတီရှိမယ်ဆိုတဲ့ ပါတီဥက္ကဋ္ဌဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြွေးကြော်သံဟာ ကမ္ဘာချင်းအောင် ပျံ့နှံ့ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒါကြောင့်ကိုပဲ စစ်အာဏာရှင်ကြီးစိုးရေး၊ စစ်အာဏာရှင်စနစ်နဲ့ ထာဝရစိုးမိုး ရေးကို သွားလိုတဲ့ ဖက်ဆစ်စစ်အုပ်စုရဲ့ အငြှိုးကြီးကြီး တိုက်ခိုက်ချေမှုန်းဖျက်ဆီးနေတာကို ရင်ဆိုင် ဖြတ်ကျော်နေရတာ တွေ့ရပါတယ်။ (၃၆) နှစ်တိုင် ဒီကနေ့ ကာလအထိ ပါတီဟာ ပြည်သူ့ဆန္ဒနှင့် အတူ ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်နေတာ အထင်အရှား ဖြစ်ပါတယ်။
ဒီကနေ့မှာ ပါတီဥက္ကဋ္ဌဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို မတရားဖမ်းဆီးချုပ်နှောင်ထားတာ၊ နိုင်ငံရေးဆောင်ရွက်ခွင့် ကနေ ပိတ်ပင်ကန့်သတ်ထားတာ၊ ပါတီဝင်များနှင့် တာဝန်ရှိသူအဆင့်ဆင့်အပေါ်မှာ နည်းမျိုးစုံနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ၊ ပါတီရုံးတွေကို ဖျက်ဆီးမှုတွေကြားထဲကနေပြီးတော့ အာဏာရှင်အောက် က ပြည်သူ့လွတ်မြောက်ရေးအတွက် မဆုတ်မနစ်ဆောင်ရွက်နေတဲ့ မှတ်ကျောက်အဖြစ်ဟာ လည်းပဲ ဒီကနေ့ (၃၆) နှစ်မြောက် ကျင်းပနေတာဟာ အားတက်ဖွယ်ရာ တွေ့ရပါတယ်။
ပါတီဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဓိက ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေကို မတရားဖမ်းဆီးပြီးတော့ ပိတ်ပင်နှိပ်ကွပ်ထားသည့်တိုင်အောင် အဆင့် ဆင့်သော ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များဟာ ပါတီက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ စည်းလုံးညီညွတ်စွာနဲ့ အနာဂတ် နိုင်ငံတော်သစ် အတွက် ဒီမိုကရေစီ အောင်လံခိုင်ဖို့ ပြည်ထောင်စုဖွား ညီနောင်များအပါအဝင် ပြည်တွင်းပြည်ပ အင်အားစုများနဲ့ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရမယ့် ကြီးလေးတဲ့တာဝန်တွေကို ကြိုးပမ်းနေကြ တာအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူအားထားမိပါတယ်။ တကယ်မှန်ကန်တဲ့ နိုင်ငံရေးအဖြေ ရဖို့အတွက် အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုမှ ချန်လှပ်ထားလို့ မရတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသမားမှန်သမျှ လွတ်မြောက်ရေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့လည်း နိုင်ငံတကာလွှတ်တော်များကဏ္ဍ ကနေ ဆောင်ရွက်လျက်ရှိပါတယ်။
(၃၆) နှစ်တိုင် အရွယ်ရောက်နေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာခြင်း ကောင်းသလို လားခြင်းကောင်းသော အနာဂတ်အတွက် လုပ်ဆောင်ခြင်းကောင်းစွာနဲ့ စွမ်းဆောင် နိုင်မယ်လို့ ယုံကြည်ပါတယ်။ လာခြင်းကောင်းခဲ့သလို လားခြင်းကောင်းဖို့ရန်အတွက် စွမ်းဆောင် ခြင်း ကောင်းများနဲ့ စွမ်းဆောင်သွားကြမယ်လို့လည်း လက်ရှိတွေ့နေရတဲ့အခြေအနေများအရ ကောင်းစွာ ယုံကြည်အားထားမိပါတယ်။ စစ်ရှုံးစစ်ကောင်စီဟာ ယခုအခါမှာ စစ်ရာဇဝတ်မှုတွေ အပြင် နည်းမျိုးစုံသော ညစ်ကွက်၊ လှည့်ကွက်၊ သွေးထိုးကွက်တွေ၊ စိတ်ဓာတ်စစ်ဆင်ရေး သတင်း အမှားတွေနဲ့ အားထုတ်ဆောင်ရွက်နေရပြီ ဖြစ်ပါတယ်။ ဒီအခါမှာ ပါတီအနေနဲ့ ပြည်သူနဲ့အတူ ရပ်တည်ပြီး ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် “သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကဲ့သို့ အုပ်” ဆိုတဲ့အတိုင်း ဆက်လက်ချီတက်နိုင်ပါစေကြောင်းနှင့် မကြာမတင် ကာလမှာ ခေါင်းဆောင်ကြီးများနှင့်အတူ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ရေးအတွက် အတူ တကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကဏ္ဍကိုယ်စား ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို လေးစားပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


