မူလ / ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့် ဂုဏ်ပြုအမှာစကား

၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့် ဂုဏ်ပြုအမှာစကား

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်
 
ဒီကနေ့ Interim Federal Education Council (iFEC)၊ Jonit Coordination Committee (Education) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပတဲ့ ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကိုယ်စား အခုလိုတက်ရောက်ခွင့်ရခြင်းနဲ့ အခုလို အမှာစကားပြောကြားခွင့်ရခြင်းအတွက် အထူးပဲ ကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဒီကနေ့အခမ်းအနားကို အလေးမြတ်ထားပြီး ကျင်းပပြုလုပ်ပေးတဲ့ NUCC နဲ့ ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိတဲ့ ခေါင်းဆောင်ကြီးများနှင့် ဒီကနေ့အခမ်းအနားကို အလေးအမြတ်ပြုပြီး ပူးပေါင်းပါဝင်တက်ရောက်ကြတဲ့ နိုင်ငံတော် ယာယီ သမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်များအသီးသီး၊ ပညာရှင်များ အသီးသီး၊ အားလုံးတစ်ဦးချင်းစီတိုင်းအပေါ်မှာ လေးစားစွာဖြင့် နှုတ်ခွန်းဆက်သအပ်ပါတယ်။ အားလုံးကို မင်္ဂလာရှိတဲ့နေ့နဲ့ မင်္ဂလာရှိတဲ့အနာဂတ်ဆီကို ဦးတည်သွားနိုင်ကြပါစေကြောင်းလည်း ဦးစွာ မေတ္တာပို့သအပ်ပါတယ်။ 
 
ရှေ့က ယာယီသမ္မတကြီးနဲ့ ဝန်ကြီးချုပ်ကြီးတို့ ပြောကြားသွားခဲ့သလိုပဲ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေး သင်ယူ နေကြတဲ့ လူငယ်များ၊ ဆရာ၊ ဆရာမများ၊ CDM ဆရာ၊ ဆရာမများနဲ့ စေတနာရှင် ဆရာ၊ ဆရာ မများ၊ CDM ကျောင်းသားများရဲ့ ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်၊ မိဘပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုတို့ဟာ အင်မတန်မှ အလေးအနက်ထား အံ့ဩစရာဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့ဆရာများ နေ့ဆိုတာကို ယူနက်စကိုနဲ့ ILO က ၁၉၆၆ ခုနှစ်မှာ လုပ်ခဲ့တဲ့ စာချုပ်အပေါ်မှာအခြေခံပြီး ၁၉၉၄ ခုနှစ်က စတင်ပြီး ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ယူနက်စကိုတို့ ပထမစာချုပ်ကို လုပ်ခဲ့တဲ့ ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကို အခြေပြုပြီး ၁၉၉၄ ခုနှစ် မှာ ဒီကနေ့ကို ကမ္ဘာ့ဆရာများနေ့လို့ သတ်မှတ်ပြီးတော့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို စတင် ခဲ့တဲ့ အခြေအနေမျိုးမှာတော့ ဆရာတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လုပ်ငန်းခွင်ရဲ့ အခြေအနေတွေ၊ လေ့ကျင့်သင်ကြားမှုတွေ၊ ပညာရေးကဏ္ဍတွေမှာ ကဏ္ဍအလိုက် တိုးတက်ရေး ကိစ္စရပ်တွေအပေါ်မှာ အခြေခံပြီးတော့ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့အခမ်းအနားဟာ အင်မတန်မှ လေးနက်ပြီး ဒီထက်ပိုပြီးတော့ တန်ဖိုးထားရမယ့် အခမ်းအနားတစ်ခုဆိုတာ အမှတ်ပြုမိပါတယ်။
 
ယာယီသမ္မတကြီး မိန့်ကြားသွားခဲ့သလိုပဲ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် မှာ အမျိုးသားပညာရေးတွေနဲ့ တကယ်တည်ဆောက်လာခဲ့တဲ့ အခြေအနေတွေရဲ့ နောက်ပိုင်း၊ ၁၉၆၂ ခုနှစ်၊ စစ်အာဏာရှင်စနစ် ရောက်လာပြီးတဲ့နောက်ပိုင်းမှာ ဒါသင်၊ ဒါကြည့်၊ ဒါမေး၊ ဒါဖြေ၊ ဒါကျက်ဆိုတဲ့ ပုံစံမျိုးနဲ့ ပုံစံခွက်ထဲမှာ အသစ်တွေးခေါ်နိုင်မှုတွေမပါဘဲနဲ့ စစ်အာဏာရှင်တို့ရဲ့ သူတို့လိုလားတဲ့ ပညာရပ်အရ ပြုပြင်ဖန်တီးထားတဲ့ ရေရှည်အာဏာထိန်းကျောင်းရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ဒဏ်ကို ဒီကနေ့အချိန်ထိ ကျနော်တို့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီကနေ့ CDM ဆရာ၊ ဆရာမများနဲ့ အခမ်းအနားမှာ တက်ရောက်နေကြတဲ့ ပုဂ္ဂိုလ်အားလုံးသိတဲ့အတိုင်းပါပဲ ဒီကနေ့ လူငယ်တွေနဲ့ ပညာရေးကို ဘယ်လောက်ထိ စစ်အာဏာရှင်တွေက ရက်ရက်စက်စက် ချေမှုန်းနေကြလဲ၊ ဘယ်လောက်ထိ ပိတ်ပင်နေသလဲဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဒါတွေဟာ ပြန်စဉ်းစားကြည့်ရင် အင်မတန်မှ စိတ်မချမ်းမြေ့ဖွယ်ရာတွေနဲ့ ကျနော်တို့ရဲ့ ဝမ်းနည်းစရာကိစ္စရပ် တွေ အများကြီးရှိတာနဲ့ တပြိုင်နက်တည်းမှာပဲ ဒီကနေ့ ဆရာ၊ ဆရာမတွေဟာ ဘယ်လောက်ထိ တာဝန်ကျေတယ်၊ ရိုးရိုးပညာသင်ကြားရုံ၊ ကိုယ်ကိုယ်တိုင်ရဲ့ အခွင့်အလမ်းတင်မက အနာဂတ် လူငယ်တွေနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဘယ်လိုမတရားတဲ့ အမိန့်အာဏာမျိုးရဲ့ အောက်မှာမှ မနေဘူးဆိုတဲ့ မိသားစုတွေရဲ့ ဘဝတွေအားလုံး၊ ဝန်ထမ်းတွေရဲ့ ဘဝတွေအားလုံး စွန့်ပစ်ပြီးတော့ ဖြစ်နိုင်တဲ့အခြေအနေမျိုးနဲ့ အောက်ခြေသိမ်းအလုပ်တွေနဲ့အထိကို အခုချိန်ထိ ရင်ဆိုင်ပြီးတော့ ပညာရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေတာ အင်မတန်မှ လေးစားဂုဏ်ယူဖို့ ဖြစ်ပါတယ်။ အင်မတန်မှလည်း တန်ဖိုးကြီးပါတယ်။
 
ကမ္ဘာ့ဆရာများနေ့ကို ကျင်းပတဲ့ ဒီကနေ့အခမ်းအနားမှာ ပူးပေါင်းပါဝင်ဆောင်ရွက် နေကြတဲ့ ဆရာ၊ ဆရာမတွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ CDM ကျောင်းသားတွေ၊ ဒါတွေရဲ့ အခန်း ကဏ္ဍဟာ အင်မတန်မှ တန်ဖိုးကြီးတဲ့ ပေးဆပ်ရမှုတွေလည်းကြီးတဲ့ တန်ဖိုးလည်း အင်မတန် မြင့်မားတဲ့ အခမ်းအနားအထိမ်းအမှတ်အဖြစ် ကျနော့်အနေနဲ့ အသိအမှတ်ပြုမိပါတယ်။ အားလုံး လည်း ဒါကို အသိအမှတ်ပြုပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ဘာတွေ့ရလဲဆိုရင် CDM ဆရာ၊ ဆရာမတွေ၊ CDM ဆရာ မဟုတ်ရင်တောင်မှ ယခုလက်ရှိပညာရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေကြတဲ့ စေတနာရှင် ဆရာ၊ ဆရာမတွေ၊ တကယ့် CDM ကို ရင်ဆိုင်ပြီးတော့ အခုချိန်ထိကို တော်လှန်ပညာရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ အခန်းကဏ္ဍဟာ ဘယ်လောက်ထိ လေးနက်သလဲဆိုတာလည်းပဲ မြင်သာ ထင်သာ ရှိပါတယ်။ ပိုပြီးဆိုးတာက ကျောင်းသားတွေနဲ့ စာသင်ခန်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဗုံးကျဲနေတဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ အခက်အခဲတွေရဲ့ကြားမှာ ဘယ်လောက်ထိ ကြိုးစားဆောင်ရွက်နေကြရသလဲဆိုတာ မြေပြင်မှာ အားလုံးသိတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ 
 
ပညာရေးဝန်ကြီးဆိုလျှင်လည်းပဲ မြေပြင်မှာ ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်နေပြီး တော့ တကယ့်မြေပြင်အခြေအနေကို အနီးကပ်ကြီးကြပ်နေရတဲ့အခါမှာ ဘယ်လိုခံစားချက်တွေနဲ့ ဘယ်လောက်ထိ အလေးအနက်ထားပြီး ဆောင်ရွက်နေမယ်ဆိုတာ မိမိတို့ အသိအမှတ်ပြုလို့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့နိုင်ငံမှာ ဆရာတွေရဲ့ အခန်းကဏ္ဍဟာ မိဘ တွေနဲ့ တစ်တန်းတည်းထားပြီး အနန္တော၊ အနန္တ (၅) ပါးဆိုတဲ့ အနေအထားမျိုးနဲ့ လေးစားအပ်တဲ့ နေရာမှာ ရှိနေပြီး ဖြစ်ပါတယ်။ ပညာရေးမှာ လိုအပ်တဲ့ ဆရာ၊ မိဘ၊ ကျောင်းသားတွေအပြင် ဒီကနေ့ နိုင်ငံတော်ကို ဦးဆောင်နေကြတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များဟာ ကျနောတို့ရဲ့ အနာဂတ်မျိုးဆက်သစ် တွေ ဘယ်လိုနိုင်ငံမျိုးမှာ နေရမလဲ၊ ဘယ်လိုအဆင့်အတန်းရှိတဲ့သူတွေ ဖြစ်စေရမလဲဆိုတာကို ဦးတည်ပြီး သွားရတဲ့အခြေအနေဖြစ်ပါတယ်။ ဒီကနေ့ အင်မတန်အရေးကြီးတဲ့ လာမယ့် ဖက်ဒရယ် ပညာရေးစနစ်ကို ဦးတည်ပြီး သွားနေတယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ စိန်ခေါ်မှုတွေလည်း အများကြီး ရင်ဆိုင်ကြရဖို့ ရှိပါတယ်။ ဒီအတွက်လည်း ယခုတက်ရောက်လာကြတဲ့ ပညာရှင်တွေ အနေနဲ့လည်း အားလုံးကြိုတင် တွေးဆပြီးသား၊ စဉ်းစားပြီးသား၊ ဒါတွေကို ဘယ်လိုဆက်သွားရ မလဲ ဆိုတဲ့ကိစ္စရပ်တွေလည်း ပေါ်လွင်ပြီးသား ရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ 
 
ပညာသင်ကြားမှုတစ်ခုဆိုတာ အတတ်ပညာတစ်ခုကို သင်ပေးရတဲ့ IQ တင်မကဘဲ တကယ့်လူသားတစ်ယောက် ဖြစ်မြောက်စေနိုင်လောက်တဲ့ တကယ့်လူသားကောင်းတစ်ယောက် ဖြစ်တဲ့ လူ့ကျင့်ဝတ်သိက္ခာတွေနဲ့ ဘယ်လိုသွားရသလဲဆိုတာအထိ သင်ကြားပေးရတာ ဆရာ၊ ဆရာမတွေရဲ့ ပခုံးပေါ်မှာ ရှိပါတယ်။ လူ့ဘဝကို စတင်ပြီးတော့ အသက်ရှင်ဖို့ မွေးမြူပေးဖို့ရာ မိဘတွေက အရေးတကြီးတာဝန်ကျေခဲ့ပေမယ့် အနာဂတ်လူ့ဘဝကြီးထဲမှာ ရှေ့ဆက်လျှောက်လှမ်း နိုင်ဖို့ ဆိုတာကတော့ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍ၊ ကျနော်တို့ ကမ္ဘာတစ်ဝှမ်းလုံးအတွက် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ 
 
ဒါ့အပြင် ကျနော်တို့နိုင်ငံမှာ အခုလို မသမာတဲ့နည်းအားဖြင့် ပညာရေးကို ဖျက်ဆီးထား တာကို ကျော်လွှားပြီးတော့ တကယ့်လေးစားအပ်တဲ့ တကယ့် ဖက်ဒရယ်ပညာရေးစနစ်နဲ့ အနာဂတ် နိုင်ငံတော်သစ်ကို သွားတဲ့နေရာမှာ ဆောင်ရွက်ရမယ့် ကိစ္စရပ်အများကြီးကိုလည်း စီစဉ်ဆောင်ရွက် ဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေပြီလို့ ထင်ပါတယ်။  
 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ဒေသအသီးသီးမှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ပညာရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။ အဲလိုဖွဲ့စည်းထားတဲ့ ပညာရေးကော်မတီကနေပြီးတော့ မြေပြင်ပညာရေးအခြေအနေများအား သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနအပါအဝင် ပညာရေးဘုတ်အဖွဲ့များ၊ တာဝန်ခံများနှင့် ချိတ်ဆက် တွေ့ဆုံမှုများ၊ ဆွေးနွေးမှုများ ပြုလုပ်နေရုံသာမက ဖက်ဒရယ်ပညာရေးဆိုင်ရာသင်တန်းများကို လည်း နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဖွင့်လှစ်ဆောင်ရွက်သွားခဲ့တာတွေရှိသလို ဆက်လက်ဆောင်ရွက်သွားဖို့လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဘယ်လိုမဆို ဘယ်လောက် ပင် အခက်အခဲအကျပ်အတည်းတွေရဲ့ကြားထဲမှာ ရောက်ရောက်၊ ဘယ်လောက်ပဲ ကိုယ့်မိသားစု ရဲ့ ဘဝကို အခြေခံအလုပ်တွေအဖြစ် ပြောင်းပြီး ရင်းနှီးပြီးတော့ဖြစ်ဖြစ် CDM ဘဝနဲ့ အနာဂတ်၊ ကျနော်တို့ရဲ့ သားသမီးတွေအတွက် ကြိုးစားအားထုတ်ပေးနေကြတဲ့ CDM ဆရာ၊ ဆရာမတွေ အပါအဝင် CDM ကျောင်းသားတွေ၊ ဒီအင်အားစုမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ အခက်အခဲ ကြားထဲမှာ စွန့်လွှတ်စွန့်စားမှုတွေနဲ့ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ယနေ့ ကမ္ဘာ့ ဆရာများနေ့မှာ အထူးအလေးအမြတ်ပြုပြီးတော့ ဦးညွှတ်ပါကြောင်းလည်း ပြောကြားလိုပါတယ်။  
 
ဒီကနေ့ ဆောင်ပုဒ်ဖြစ်ပြီး တကယ်လည်း အရေးကြီးနေတာက သင်ကြားရေးတွေမှာ ဆန်းသစ်တဲ့သင်ကြားရေးတွေ လုပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီလို ဆန်းသစ်တဲ့သင်ကြားရေး တွေမှာလည်းပဲ ရိုးရိုးမဟုတ်ဘဲနဲ့ လက်တွဲထားတဲ့ ချိတ်ဆက်ထားတဲ့ အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြရမယ့် အနေအထား ဖြစ်ပါတယ်။ အဲဒီကျတော့မှာသာ အနာဂတ်နိုင်ငံအတွက် စွမ်းအား ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ကမ္ဘာ့ဆရာများနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ဆန်းသစ်သင်ကြား လက်တွဲထား၊ အနာဂတ်နိုင်ငံ့စွမ်းအား” ဆိုတဲ့ စာတန်းနဲ့အညီ ဒီမှာ တာဝန်ရှိ နေကြတဲ့ပုဂ္ဂိုလ်တွေ၊ ကျနော်တို့ အခြေခံပြည်သူတွေအားလုံး ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်ကြပါစေ၊ ကျနော်တို့ရဲ့ အနာဂတ် နိုင်ငံ၊ မျိုးဆက်သစ်၊ ကျနော်တို့ရဲ့ သားသမီးတွေ ကို တကယ့် အတတ်ပညာအရရော ကိုယ်ကျင့်တရားအရရော နောင်အခါမှာ ဘယ်သောအခါမှ ဘယ်လိုအာဏာရှင်စနစ်မျိုးရဲ့အောက်မှာမှ ဗိုင်းကောင်းကျောက်ဖိ သင်ကြားရမည့် ပညာရေးစနစ် မျိုးကို မကြုံတွေ့ရဘဲနဲ့ လွတ်လပ်တဲ့ လူသားများအဖြစ် ရှင်သန်သွားနိုင်အောင် ကြိုးစားဆောင်ရွက် သွားကြပါစို့လို့ ဒီကနေ့မှာ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်ပါတယ်။
 
အားလုံးကို လေးစားပါတယ်။
Scroll to Top