Refresh

This website crphmyanmar.org/my/publications/chairs-speech-at-76th-martyrs-day-ceremony/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

မူလ / (၇၆) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

(၇၆) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

ဒီကနေ့ကျင်းပတဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ၊ ကိုယ်စားလှယ်ကြီးများ၊ သံတမန်များ၊ ဧည့်သည်တော်များနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ တိုင်းရင်းသားပြည်သူအားလုံး ဘေးကင်းကျန်းမာပြီး နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးပန်းတိုင်ဆီ‌ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ခွန်အားတွေ ဆထက်တိုး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများနှင့် မိဘပြည်သူများခင်ဗျား

ဒီကနေ့ဟာ တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရတာ (၇၆) နှစ်ပြည့် ဖြစ်ပါတယ်။ အချိန်တွေ ကြာညောင်းခဲ့သည့်တိုင် ဒီနေ့ရောက်တဲ့အခါတိုင်း အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကျေးဇူးဂုဏ်ကို အောက်မေ့သတိရခြင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးက ပုံစံမျိုးစုံနဲ့ ကျင်းပလေ့ရှိကြတာ ဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်၊ သတ္တိ၊ ပြတ်သားမှု၊ ကိုယ်ကျိုးကိုမကြည့်ဘဲ အများကောင်းကျိုးအတွက် စွန့်လွှတ်အနစ်နာခံမှု စတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးဖို့၊ သမိုင်းကနေ သင်ခန်းစာယူနိုင်ဖို့ ဒီကနေ့မှာ အထိမ်းအမှတ်ပွဲတွေ၊ အခမ်းအနားတွေကို ကျင်းပနေကြခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ခေါင်းဆောင်ကြီးများရဲ့ ဉာဏ်ပညာ အမြော်အမြင်ကြီးမားမှုတွေကြောင့် တိုင်းပြည်ဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့လို ထူးခြားတဲ့ဝိသေသရှိတဲ့ ရက်မြတ်မှာ ခေါင်းဆောင်ကြီးများရဲ့ ကျေးဇူးဂုဏ်ကို အောက်မေ့သတိရမိသလို ခေါင်းဆောင်ကြီးများထားရှိခဲ့တဲ့ အနာဂတ်တိုင်းပြည်ရဲ့ အိပ်မက်ကိုလည်း သတိရမိပါတယ်။ အဲဒီနေ့ အာဇာနည်ကြီးများ လုပ်ကြံခံရမှုကို ပြန်ပြောင်းကြည့်လိုက်ရင် ပြည်ထောင်စုအတွင်းက တိုင်းရင်းသားခေါင်းဆောင်ကြီးများ စုပေါင်းဆောင်ရွက်ခဲ့မှု၊ ပူးပေါင်းကြိုးပမ်းခဲ့မှုတွေကိုလည်း မြင်ယောင်မိပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။

နှစ်ပေါင်း (၇၀) ကျော် ဖြစ်တည်ခဲ့ရတဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေဟာ လက်နက်အားကိုးနဲ့ အာဏာရမ္မက်ကြီးတဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ဖြစ်တယ်ဆိုတာ သမိုင်းနဲ့ ယခု ပစ္စုပ္ပန်က သက်သေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ဒီလို ဖိနှိပ်မှုတွေ၊ ဗိုလ်ကျအနိုင်ကျင့်မှုတွေကို အဆုံးသတ်ပြီး တိုင်းရင်းသားအားလုံးမျှော်လင့်တဲ့ ငြိမ်းချမ်းတဲ့အနာဂတ်ကို အတူတကွ တည်ဆောက်သွားနိုင်ဖို့ဟာ ဒီနွေဦးတော်လှန်ရေးရဲ့ တစ်ခုတည်းသော ဘုံရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့အချိန် တိုင်းပြည်ကို မိစ္ဆာစစ်တပ်က လက်နက်အားကိုး ရမ်းကားပြီး အာဏာလုယူထားတဲ့အချိန်မှာ တိုင်းပြည်အတွက် အသက်ပေးဖို့၊ ကိုယ်ကျိုးချမ်းသာကို စွန့်လွှတ်ဖို့၊ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ ကြီးမားတဲ့ လုံ့လတွေနဲ့ နိုင်ငံတစ်ဝှမ်း ‌ဒေသစုံက မျိုးဆက်အသီးသီးရဲ့ ဒီလို ကြီးမြတ်တဲ့ စိတ်ထားတွေကို မြင်တွေ့ရတဲ့အတွက်လည်း အင်မတန် ဂုဏ်ယူမိကြောင်း၊ ဝမ်းသာမိကြောင်း၊ အားရမိကြောင်း ပြောကြားလိုပါတယ်။ 

ယနေ့ နွေဦးတော်လှန်ရေးမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ အာဏာရမ္မက်ကြီးမှုကြောင့် အကြွေစောခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်း များစွာရှိသလို သက်ရှိအာဇာနည်သူရဲကောင်းများစွာလည်း ရှိနေဆဲဖြစ်ပါတယ်။ ဒီကနေ့ကတော့ သွေးစွန်းခဲ့ရတဲ့ သမိုင်းကို ဝမ်းနည်းစွာ ဦးညွှတ်ရမည့် အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ သမိုင်းဆိုတာကတော့ ဘယ်သောအခါမှ ပျောက်ကွယ်သွားရိုးထုံးစံမရှိပါဘူး။ သမိုင်းကို မှေးမှိန်အောင် ပြုလုပ်ခဲ့ကြပေမယ့် အမှန်တရားကိုတော့ ဖျောက်ဖျက်လို့မရနိုင်ပါဘူး။ အာဇာနည်မျိုး သေရိုးမရှိပါဘူး။ လူသေသော်လည်း သမိုင်းမသေပါဘူး။ ဒီကနေ့ အားလုံးသော လုပ်ဆောင်မှုတွေ၊ ပါဝင်နေမှုတွေဟာလည်း သမိုင်းပဲ ဖြစ်ပါတယ်။ သမိုင်းလှဖို့တော့ လိုပါတယ်။

ဒါကြောင့်  အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ စိတ်ဓာတ်ကို မွေးမြူကြပြီး လူမဆန်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးသတ် တွန်းလှန်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို မျိုးဆက်သစ်များအတွက် ကောင်းမွေအဖြစ် ချန်ထားခဲ့ကြရမှာ မိမိတို့ရဲ့ တာဝန်ဖြစ်ပါတယ်။

သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ မိမိတိုင်းပြည်နှင့်လူမျိုးအတွက် လွတ်လပ်ရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်အသက်စွန့်သွားသော အာဇာနည်သူရဲကောင်းခေါင်းဆောင်များကို ဒီကနေ့ ဒီအခမ်းအနားကနေတစ်ဆင့် ဦးညွှတ် အလေးပြုအပ်ပါတယ်။ “မျက်ရည်သွန်လို့ ဘဝင်ညိုး ဇူလိုင် တစ်ဆယ့်ကိုး” ဆိုသလို မိမိတို့ အတွက် ဒီကနေ့ကတော့ “ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေတဲ့” နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။

သမိုင်းဖြစ်ရပ်ကို သင်ခန်းစာယူပြီး ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း မိမိတို့ တော်လှန်ရေးအင်အားစုများအားလုံးက စစ်ကောင်စီရဲ့ အမျိုးမျိုးသော သပ်လျှိုသွေးခွဲမှုများကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိဖြင့် လှေလှော်ရင်း တက်မကျိုးရအောင် အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ယခုလို ကျဆုံးခန်း ရောက်ခါနီးအချိန်မှာ နည်းလမ်းပေါင်းစုံသုံးပြီး တော်လှန်ရေးကို ပုံဖျက်ဖို့၊ အချင်းချင်းကြား သွေးခွဲဖို့ စနစ်တကျ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုများအားလုံးက ယခုထက်ပိုမိုသော ညီညွတ်ခြင်းအင်အား စည်းလုံးမှုသက်သေတွေနဲ့ အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ သို့မှသာ မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းကို ဆက်လက်မော်ကွန်းထိုးမည့် မိမိတို့ရဲ့ နောက်လာနောင်သား မျိုးဆက်သစ်များအနေနဲ့လည်း အတိတ်ကိုသင်ခန်းစာယူ၊ ပစ္စုပ္ပန်ကို အကောင်းဆုံး ကြိုးစားပြီး အနာဂတ်ကို အကောင်းဆုံး ပုံဖော်သွားကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့ အားလုံး လိုချင်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ လွမ်းဆွတ်နေရုံနဲ့ မပြီးဘဲ အာဇာနည်ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို လိုက်နာဆောင်ရွက်မှသာ လေးစားတန်ဖိုးထားရာရောက်မှာ ဖြစ်ပါတယ်။ မိမိတို့ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေးတွေ၊ တန်းတူညီမျှမှုတွေ၊ သာယာဝပြောမှုတွေ၊ တန်ဖိုးထားမှုတွေနဲ့အတူ အနာဂတ်နိုင်ငံတော်သစ်ကို ဒီနွေဦးတော်လှန်ရေးဖြင့် တည်ဆောက်သွားနိုင်ဖို့ တွဲလက်ညီညီ ချီတက်ကြဖို့ လိုပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ နိုင်ငံသားတိုင်းက ကျရာအခန်းကဏ္ဍအသီးသီးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ထမ်းဆောင်ကြဖို့ မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Scroll to Top