မူလ / (၄၇) နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့အခမ်းအနားတွင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

(၄၇) နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့အခမ်းအနားတွင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်

ဒီကနေ့ ကျင်းပပြုလုပ်နေတဲ့ (၄၇) နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ အခမ်းအနားကို အလေးအမြတ်ထား တက်ရောက်လာကြပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၊ ဝန်ကြီးချုပ်နှင့်တကွ ကဏ္ဍအသီးသီးမှာ ဦးဆောင်ပါဝင်နေကြတဲ့ ခေါင်းဆောင်ကြီးများ၊ ဧည့်သည်တော်များ၊ ဂုဏ်သရေရှိလူကြီးမင်းများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးပြီး ကပ်ကြီး (၃) ပါးကျော်လွှားနိုင်ကြပါစေ။ တိုင်းပြည်နှင့်လူမျိုး အကျိုးပြုနိုင်သော ခေါင်းဆောင်ကောင်းများအဖြစ် သမိုင်းစာမျက်နှာများမှာ ကမ္ဗည်းထိုး ကျန်ရစ်နိုင်ကြပါစေ။ အနာဂတ်မျိုးဆက်သစ်များအတွက် စံနမူနာ ယူထိုက်တဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား တက်ရောက်အမှာစကား ပြောကြားခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်။

ဒီကနေ့အခမ်းအနားကတော့ မိမိတို့မြန်မာ့နိုင်ငံသမိုင်းမှာ စစ်အာဏာရှင်စနစ်ကို ထစ်ငေါ့သွားအောင် လုပ်ဆောင်ခဲ့သူ အာဇာနည်တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့် သတိရအောက်မေ့ဖွယ်အခမ်းအနား ဖြစ်ပါတယ်။ ဒီအောက်မေ့ဖွယ် အခမ်းအနားမှာ ဆလိုင်းတင်မောင်ဦးရဲ့ မှတ်တမ်းတင်ထိုက်တဲ့ အောက်မေ့ဖွယ် ဥဒါန်းကျူးခဲ့တဲ့ စကားရပ်ကို သဘာပတိကြီးနဲ့ ဝန်ကြီးချုပ်တို့လည်း ပြန်ပြောင်းပြီးတော့ ပြောကြားသွားတာ ကြားရပါတယ်။ ဒီလိုပြောကြားသွားတဲ့ တကယ့်ဥဒါန်းကျူးရင့် အသံကိုလည်းပဲ ကျွန်တော်တို့ အမြဲတမ်း ရင်ထဲမှာ အသွေးအသားထဲမှာ မှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။ သူပြောခဲ့တဲ့ စကားလုံးအတိုင်း ဆိုရင်တော့ “မင်းတို့ ငါ့ကို သတ်ချင်သတ်လို့ရမယ်၊ ငါ့ခံယူချက်နဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ သတ်လို့ မရဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။ ကြိုးစင်ပေါ်ကဥဒါန်း ကျွန်တော်တို့နှလုံးသားထဲမှာ အစဉ်ကိန်းအောင်းနေပါတယ်။ သေမယ်ထင်လို့ ကြိုးပေးကွပ်မျက်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာတော့ ဆလိုင်းတင်မောင်ဦးဟာ အမြဲတမ်း ရှင်သန်နေဆဲပါပဲ။ ဆလိုင်းတင်မောင်ဦးဟာဆိုရင် မိမိတို့ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်များ၏ ကြိုးမိန့်ပေး မတရားသတ်ဖြတ်ခံခဲ့ရတဲ့ ပထမဆုံးသော ကျောင်းသားသပိတ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ တကယ်ပြောရရင် ဆလိုင်းတင်မောင်ဦး တက္ကသိုလ်ပရဝဏ်မှာ ရောက်ရှိနေတဲ့အချိန် ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ တက္ကသိုလ်ပရဝဏ်မှာ ရောက်ရှိပညာသင်ကြားနေဆဲကာလဖြစ်တဲ့အတွက် သဘာဝအားဖြင့် ကျွန်တော်တို့ဟာ ရဲဘော်ရဲဘက်များအဖြစ် အစဉ်ရှိခဲ့ဖူးတဲ့ အနေအထားမျိုးတွေလည်းပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အာဏာရှင်တွေဟာ ဆလိုင်းတင်မောင်ဦးကို မတရားသတ်ဖြတ်လို့ ရခဲ့သော်လည်း ဆလိုင်းတင်မောင်ဦးရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ထားရှိတဲ့ သစ္စာတရား၊ အဓမ္မကိုမလိုလား အမှန်တရားကို တန်ဖိုးထားတဲ့ စိတ်ဓာတ်ကိုတော့ ယနေ့အချိန်သာမက ကမ္ဘာတည်သရွေ့ ဘယ်သောအခါမှ သတ်လို့ရမှာ မဟုတ်ပါဘူး။ ဆလိုင်းတင်မောင်ဦးဟာ ခေတ်သမိုင်းရဲ့ကောင်းကင်ထက်မှာ တောက်ပတဲ့ကြယ်တစ်ပွင့်အဖြစ် ထွန်းလင်းနေမှာပဲ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားများရဲ့ ရဲရင့်တဲ့သွေး၊ သတ္တိတို့ကို ထုတ်ပြခဲ့တဲ့ အာဇာနည်တစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးမှာလည်း ယနေ့အချိန်အထိ ရှင်သန်နေဆဲဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ “စစ်ဖိနပ်အောက် ဒူးမထောက်ဘူး” ဆိုတဲ့ စိတ်ဓာတ်အပြည့်နဲ့ ချင်းတိုင်းရင်းသားလူထုတစ်ရပ်လုံး အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်နေကြတာ ဂုဏ်ယူလေးစား အတုယူစရာ ကောင်းလှပါတယ်။ ခေတ်အဆက်ဆက် ကျဆုံးသွားကြတဲ့ ချင်းတိုင်းရင်းသား အာဇာနည်သူရဲကောင်းများနှင့်တကွ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ အာဇာနည်သူရဲကောင်းများကို ဒီကနေ့ အခမ်းအနားကနေ ဦးညွှတ်ဂါရဝပြုပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း ချင်းတိုင်းရင်းသားတို့ရဲ့ ကဏ္ဍပေါင်းစုံကနေ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေကြတဲ့အတွက်လည်း ကျွန်တော်တို့အဖို့ ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။ အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ်ရာမှာ အန္တရာယ်ကတော့ အမြဲရှိနေပါတယ်။ ဒါပေမယ့် မိမိတို့ခေတ်မှာ အာဏာရှင်ကို အမြစ်ပြတ် မတိုက်ထုတ်နိုင်ခဲ့ဘူး ဆိုရင်တော့ဖြင့် နောက်လာနောင်သား မျိုးဆက်သစ်များအတွက်  ပိုပြီး ကြီးမားတဲ့အန္တရာယ် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ဆိုး မိမိတို့မျိုးဆက်သာ နောက်ဆုံးဖြစ်စေရမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြစေဖို့ကိုလည်း လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။

နွေဦးတော်လှန်ရေးမှာလည်း ဆလိုင်းတင်မောင်ဦးကဲ့သို့ အာဏာရှင်စနစ်ကို တွန်းလှန်လို့ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကဲ့သို့ မိမိတို့ မျိုးဆက်သစ်လူငယ်များစွာ ရှိပါတယ်။ ဒါကြောင့် မိမိတို့ အနာဂတ်မျိုးဆက်သစ်များအတွက် စစ်အာဏာရှင်များ၏ မတရားကြိုးမိန့်ပေး သတ်ဖြတ်ခံရခြင်းများ ပပျောက်စေရေးအတွက် နွေဦးတော်လှန်ရေး ဧကန်မုချ အောင်ပွဲဆင်နိုင်ရမည် ဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ တိုင်းပြည်ကို စိုးမိုးခြယ်လှယ်နေပြီးတော့ ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့ စစ်အာဏာရှင်စနစ် မိမိတို့ခေတ် နောက်ဆုံးဖြစ်စေရပါမယ်။ တိုင်းပြည်အတွက် အသက်ပေးကာ အာဇာနည် သူရဲကောင်းများအဖြစ် သမိုင်းမှာ မော်ကွန်းတင်ကျန်ရစ်နေမှာ မိမိတို့ခေတ်သာ နောက်ဆုံးဖြစ်ပြီး နောင်မျိုးဆက်သစ်များကတော့ တိုင်းပြည်ရဲ့ခေါင်းဆောင်ကောင်းများအဖြစ် သမိုင်းမှတ်တမ်းအဖြစ် တွင်ကျန်ရစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆလိုင်းတင်မောင်ဦးရဲ့ မပြီးပြတ်ခဲ့သေးတဲ့ တိုက်ပွဲကို မိမိတို့က အဆုံးသတ်ပေးကြရမည် ဖြစ်ပါတယ်။ မိမိတို့က အာဏာရှင်စနစ်ကို အဆုံးသတ်ပေးနိုင်မှသာ ဆလိုင်းတင်မောင်ဦးကဲ့သို့ အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတဲ့ မျိုးချစ်ပုဂ္ဂိုလ် အာဇာနည်သူရဲကောင်းများ စိတ်ချလက်ချ ငြိမ်းချမ်းစွာ အနားယူနိုင်မှာ ဖြစ်ပါတယ်။

အသက်ခန္ဓာပျက်စီးသော်လည်းပဲ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ကို တစ်ဦးချင်းစီက စွဲကိုင်တိုက်ပွဲဝင်ကြမယ်ဆိုရင် လူထုတော်လှန်ရေးကြီး အောင်ပွဲခံနိုင်မှာ မုချပင်ဖြစ်ပါတယ်။ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ မိမိတို့ နိုင်ငံမြေပေါ်မှာ ဒီမိုကရေစီအတွက် သွေးစွန်းခဲ့ကြတဲ့ အသက်ပေါင်းများစွာအတွက် မရဏ ကျည်ဆံတွေအောက် အသက်စွန့်ခဲ့ကြရတာ မိမိတို့ခေတ် နောက်ဆုံးဖြစ်စေရပါမယ်။ မိမိတို့နဲ့ ချင်းတိုင်းရင်းသားများအကြားမှာ ဆလိုင်းတင်မောင်ဦးမျှော်ရည်ပြဋ္ဌာန်းယုံကြည်ခဲ့တဲ့ ယုံကြည်မှုတွေ ခိုင်မာသထက် ခိုင်မာအောင် ပိုမိုတည်ဆောက်ပြီး စည်းလုံးမှုကိုအခြေခံကာ မဝေးတော့တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ဆက်လက်ချီတက်နိုင်ကြပါစေလို့ ပြောကြားရင်း အာဇာနည်ဆလိုင်းတင်မောင်ဦးကို ဦးညွှတ်ဂုဏ်ပြုလျက် နိဂုံးချုပ်လိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အ‌ရေးတော်ပုံ အောင်ရမည်။

Scroll to Top