မူလ / နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်မိန့်ခွန်း

နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်မိန့်ခွန်း

၂၁-၄-၂၀၂၃ ရက်နေ့  (သောကြာနေ့)

၁။           ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဦးစီးပြီးတော့ ပြုလုပ်ကျင်းပတဲ့ နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအင်အားစုအသီးသီးမှ ခေါင်းဆောင်ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ‌ ကောင်စီဝင်များ၊ ပညာရေး CDM ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးကဏ္ဍ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်များ၊ နိုင်ငံတကာပညာရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကျန်းမာစွာဖြင့် ဘေးကင်းလုံခြုံကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

၂။            ယနေ့ ညီလာခံသည် နွေဦးတော်လှန်ရေးကာလတွင် အသက်၊ သွေး၊ ချွေး၊ ဘဝများစွာ ရင်းနှီးပေးဆပ်ရင်းဖြင့် အနာဂတ် မိမိတို့ရဲ့ ရင်သွေးရတနာများအတွက် စဥ်ဆက်မပြတ် ပညာရေးသင်ကြားလေ့လာခွင့်ရရှိနိုင်စေရန် အားလုံးပူးပေါင်း ပါဝင်ကြိုးစားမှုရဲ့ ရလဒ်ကြီးတစ်ခုဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ကိုယ်စား အခုလို စကားပြောခွင့်ရတဲ့အတွက်လည်းပဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ရင်း ရနိုင်သမျှသော အရင်းအမြစ်များကို အခြေခံ၍ ကြုံတွေ့ရသော အခက်အခဲ၊ ဒုက္ခတရားများကို ကြံ့ကြံ့ခံရင်ဆိုင်နေရရင်းဖြင့်  ပြည်သူ့အင်အား၊ ပြည်သူ့အားဖြင့် ဆက်လက်လျှောက်လှမ်းနေသည့်အတွက်လည်း ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ငြိမ်းချမ်းတည်ငြိမ်စွာ ပညာသင်ကြားခွင့်အခွင့်အရေးများနှင့်အတူ တိုးတက်မှုအရှိန်အဟုန်တို့ဟာ မဝေးသော အနာဂတ်ကာလရဲ့ ပုံရိပ်များဖြစ်လာမှာ မလွဲဧကန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

၃။   ပညာသင်ယူခြင်းလုပ်ငန်းစဥ်သည် ရပ်တန့်နေသင့်တဲ့ လုပ်ငန်းမဟုတ်သလို အသက်အရွယ်၊ အဆင့်အတန်း၊ အပိုင်းအခြားမရွေး လွတ်လပ်စွာ ပညာသင်ယူခွင့်၊ သင်ကြားခွင့်တို့ဟာ တစ်ဦးချင်းစီတို့ရဲ့ ရပိုင်ခွင့်လူ့အခွင့်အရေးများပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်းသာမက အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ပုန်ကန်မှုဖြင့် အာဏာလုယူခဲ့သည့် နှစ်ကာလများအတွင်း မိမိတို့နိုင်ငံရဲ့ ပညာရေးသည် နှောင့်နှေးခဲ့ကြရပြီး ပညာသင်ကြား၊ သင်ယူနိုင်ခွင့်တို့ ဆုံးရှုံးကာ လွန်စွာ နစ်နာခဲ့ကြရပါတယ်။ ယခုအခါမှာ အားလုံးရဲ့ တီထွင်ကြံဆပူးပေါင်းပါဝင်မှုများကြောင့် တိုးတက်တဲ့ နည်းပညာ၊ သင်ကြားမှုစနစ်များနှင့်အညီ online သာမက offline ဖြင့် သင်ယူနိုင်ကြပြီ ဖြစ်ပါတယ်။

၄။           ယခုညီလာခံပထမနေ့တွင် နောက်ပိုင်းဆွေးနွေးမည့် အကြောင်းအရာများဟာလည်း မိမိတို့ပြည်သူလူထုအားလုံးအတွက် လွန်စွာအရေးကြီးတဲ့ သိရှိထားသင့်တဲ့ ဆွေးနွေးချက်များ ဖြစ်ပါတယ်။ ယခုလို ညီလာခံကျင်းပနိုင်သည်အထိ အဘက်ဘက်မှ ပူးပေါင်းပါဝင်အားဖြည့်ကာ နွေဦးတော်လှန်ရေးကာလ အဆင်မြင့်ပညာရေးကဏ္ဍအား ဖော်ဆောင်ကာ ဖက်ဒရယ်ပညာရေးစနစ် ပေါ်ထွန်းလာစေရေး အပတ်တကုတ် ကြိုးစားအားထုတ်မှုများအတွက်လည်း လွန်စွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားရင်းဖြင့် နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

Scroll to Top