မူလ / အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် မိန့်ခွန်း

၁။           ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ကျင်းပပြုလုပ်တဲ့ ၁၆ ရက်တာ လှုပ်ရှားမှုနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားကောင်စီ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ ညီနောင်ရဲဘော်များ၊ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့တကွ နိုင်ငံတကာမှ ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များနဲ့ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်နေကြ တဲ့ ပုဂ္ဂိုလ်အားလုံး ကောင်းကျိုးမင်္ဂလာအဖြာဖြာ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂။       ဒီကနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဦးစီးကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုကာလဖြစ်တဲ့ နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာ လှုပ်ရှားမှုနေ့ အခမ်းအနားမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးများအပေါ် ကျူးလွန်လုပ်ဆောင်နေကြတဲ့ အကြမ်းဖက် လုပ်ရပ် များကို ကာကွယ်တားဆီးတုံ့ပြန်နိုင်ရန်နဲ့ မိမိတို့အားလုံးတို့အနေနဲ့ လိုအပ်တဲ့အရင်းအမြစ်များကို အတူတကွပူးပေါင်းကာ ရင်းနှီးမြှုပ်နှံလုပ်ဆောင်သွားကြရန်နဲ့ ပံ့ပိုးကူညီမှုများအတွက် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ကြိုတင်ကာကွယ်ရေးဗျူဟာများကိုလည်း မြှင့်တင်သွားရန်အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။

၃။        မိမိတို့နေထိုင်ရာကမ္ဘာကြီးမှာ နေ့စဥ်နဲ့အမျှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလုပ်ရပ် တွေ ပိုမိုကျူးလွန်လုပ်ဆောင်နေတာကို ဝမ်းနည်းစွာသိရှိရပြီးတော့ ကျွန်တော်တို့ရဲ့ နိုင်ငံအတွင်း မှာလည်း အကြမ်းဖက်စစ်ကောင်စီက အဓမ္မအာဏာသိမ်းမှု ကျူးလွန်ခဲ့ပြီးတဲ့နောက်မှာ ပိုမိုဆိုးရွား စွာ အကြမ်းဖက်ခံရမှုတွေ တိုးမြင့်လာလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ဘေးရှောင် ပြည်သူ (၂) သန်းခန့်ရှိပြီဖြစ်ကာ ၎င်းစစ်ဘေးရှောင်များထဲမှာ အမျိုးသမီးများနဲ့ ကလေးသူငယ် များစွာလည်း ပါဝင်လျက်ရှိပါတယ်။ ဖမ်းဆီးခံ အမျိုးသမီးဦးရေ (၅,၀၉၇)ဦးနှင့် ကွယ်လွန် သေဆုံး ကြရတဲ့ အမျိုးသမီးဦးရေ (၈၇၁) ဦးထိ ရှိတယ်ဆိုတာကို မြေပြင်ကောက်ယူနိုင်သလောက် စာရင်း များအရ သိရှိရပါတယ်။ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအနေနဲ့ မွေးရာပါလူ့အခွင့်အရေးများ ဆုံးရှုံးနေကြရပြီး ညှဉ်းပမ်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ လူမဆန်တဲ့ အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

၄။    အမျိုးသမီးများဟာ ခေတ်အဆက်ဆက်သမိုင်းခရီးစဥ်မှာသာမက လက်ရှိ နွေဦး တော်လှန်ရေးခရီးလမ်းမှာ အဓိကအရေးကြီးသော အင်အားစုတစ်ရပ်အနေနဲ့လည်း ခိုင်ခိုင်မာမာ စုစည်းပါဝင်နေတဲ့အတွက် လွန်စွာ ဂုဏ်ယူရပါတယ်။ အခမ်းအနားအစမှာ ဖော်ပြခဲ့တဲ့ အမျိုးသမီး ရဲမေတစ်ယောက်ရဲ့ ဘဝနဲ့ရင်းပြီး ရဲရင့်တဲ့ ပြတ်သားတဲ့ တပြိုင်နက်တည်းမှာ ဝမ်းနည်းဖွယ်ခံစားမှု တွေကို ဘယ်လိုကျော်လွှားရသလဲဆိုတဲ့ အချက်အလက်တွေဟာ ကျွန်တော်တို့ လက်တွေ့ဘဝရဲ့ ရင်နင့်စရာလည်းဖြစ်သလို တစ်စိတ်တစ်ပိုင်းအားဖြင့် အားကိုးအားထားပြုနိုင်လောက်တဲ့ အားတက် စရာတွေလည်း ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Elimination of All Forms of Discrimination Against Women – CEDAW) မှာ ကျွန်တော်တို့ နိုင်ငံဟာ လက်မှတ်ရေးထိုး ပါဝင် ထားပါတယ်။ ဒီစာချုပ်မှာ “နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီး သာယာ ဝပြောမှုနှင့် ငြိမ်းချမ်းမှုတို့ရရှိရန်အတွက် ကဏ္ဍပေါင်းစုံတွင် အမျိုးသားများနှင့်တန်းတူညီမျှသော အမျိုးသမီးများ၏ ပါဝင်မှုကို အများဆုံးရရှိရန် လိုအပ်သည်”ဟု ဖော်ပြပါရှိပါတယ်။ အမျိုးသမီး များကို အကြမ်းဖက်ခြင်းသည် ထိုသဘောတူစာချုပ်မှာ တားမြစ်ထားတဲ့ ခွဲခြားဆက်ဆံမှု တစ်မျိုး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံတော်ပုန်ကန်မှု ဖြစ်စဥ်ကာလတစ်လျှောက် ယနေ့အချိန် ထိ မြန်မာအမျိုးသမီးများနဲ့ မိန်းကလေးငယ်များဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပုံစံမျိုးစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်ဖြတ်ကျော်နေကြရတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းများဟာ မည်သည့်နိုင်ငံတကာဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ၊ သဘောတူညီချက်များနဲ့ လုပ်ထုံးလုပ်နည်းများကိုမဆို လေးစားလိုက်နာခြင်းမရှိဘဲ အကြမ်းဖက် လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း တရားလက်လွတ် ကျူးလွန်လုပ်ဆောင်နေတာ လွန်စွာ ထင်ရှား ပေါ်လွင်နေပါတယ်။

၅။     ယနေ့လှုပ်ရှားမှုအခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများသာမက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရန်နှင့် ၎င်းတို့အတွက် လူ့အခွင့်အရေးများ လိုက်နာလာစေရန် ကြိုးစားဖော်ဆောင်သွားမယ့် လုပ်ငန်းစဥ်များနဲ့ ပူးပေါင်း ပါဝင်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

၆။              နိဂုံးချုပ်အနေနဲ့ ၂၀၂၃ ခုနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးဖို့ အတူတကွပါဝင်ပံ့ပိုးစို့” ဆိုတဲ့အတိုင်း မိမိတို့လွှတ်တော် အနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများအပါအဝင် ၎င်းဆောင်ပုဒ်နဲ့အညီ အားထုတ်ဆောင်ရွက်ကြတဲ့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ် လှုပ်ရှားသူများစတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနဲ့ လိုအပ်တဲ့လုပ်ငန်းစဥ်များအတွက် ကြိုးစား ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီးတော့ အနာဂတ်နိုင်ငံတော်တွင် အမျိုးသမီးနဲ့ မိန်းကလေး ငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ကူညီဆောင်ရွက်ပေးသွားနိုင်ဖို့သာမက ၎င်းတို့အတွက် တရား ဥပဒေနဲ့အညီ အမှန်တရားများ ပြန်လည်ရရှိနိုင်စေရန် ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ယခုလို (၁၆) ရက်တာ လှုပ်ရှားမှုအခမ်းအနားမှာ ပါဝင်တက်ရောက်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုယ်စား စကားပြောကြားခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်များ၏ အနာဂတ်သာယာရေး ဖွံ့ဖြိုး တိုးတက်မယ်လို့ ယုံကြည်ပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

Scroll to Top