မူလ / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကား

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်

ဒီကနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၅) နှစ် မြောက် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ခေါင်းဆောင်များ၊ ပါတီဝင်များနဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတကာသံတမန်များနဲ့ ဧည့်သည် တော်များ၊ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုနေကြတဲ့ ပြည်သူများအားလုံး ဘေးကင်း လုံခြုံကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့လို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေ့ထူးနေ့မြတ်မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက် လည်း များစွာ ကျေးဇူးတင်ဝမ်းမြောက်ရပါတယ်။

ဒီကနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့ပါတီအဖြစ် အထင်ကရ ရပ်တည် လာခဲ့တာ (၃၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့အတူ အခက် အခဲ အများကြီးကြားက ဒုက္ခမျိုးစုံကို အံတုရင်း ပြည်သူနဲ့ပါတီ ခွဲမရနိုင်လောက်အောင်ထိ အောင်မြင်ခဲ့တာဟာ ပြည်သူ့အသံကို နားထောင်၊ ပြည်သူ့ဆန္ဒကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူကို မျက်နှာမူ၊ အလေးထားတဲ့ ပါတီခေါင်းဆောင်တွေ၊ အနယ်နယ်အရပ်ရပ်က ပါတီဝင်တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ဖြစ်ပါတယ်။ အဲဒီလိုပဲ ပြည်သူရဲ့ ပါတီအပေါ် ရပ်တည်နိုင်အောင် အဖက်ဖက်က ထောက်ခံပေးနေကြတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အင်အားတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီနေ့ နေ့ထူးနေ့မြတ်မှာ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များကို ကျွန်တော်တို့ အနေနဲ့ လေးစားဂုဏ်ယူပါကြောင်းနဲ့ ပြည်သူများရဲ့ အားပေးထောက်ခံမှုကိုလည်း အထူး အလေးအမြတ်ပြုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားအပ်ပါတယ်။

ပါတီဥက္ကဋ္ဌဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနဲ့ ပါတီကိုထောက်ခံအားပေးကြတဲ့ ပြည်သူ များစွာဟာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကို ခံထားရသလို တော်လှန်ရေးခရီးမှာ အသက် ပေးဆပ်သွားခဲ့ကြရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကို ဒီကနေ့ နှစ်ပတ်လည်နေ့မှာ ပိုပြီး အောက်မေ့မိပါတယ်။ ဒီကနေ့လိုအခမ်းအနားမှာ အားလုံးနဲ့အတူ မကျင်းပနိုင်ခြင်းကြောင့် လည်း များစွာ စိတ်မကောင်းဖြစ်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူထုအရေးတော်ပုံကြီး စတင်ပေါက်ဖွားပြီးတဲ့ နောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြည်သူလူထုဆန္ဒနဲ့အတူ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်” ဆိုတဲ့ နာမည်အတိုင်း မိမိတို့တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို အခြေတည် ကျင့်သုံးနိုင်အောင် စတင်ဖွဲ့စည်းခဲ့တဲ့ ပါတီ ဖြစ်ပါတယ်။ အလွှာအသီးသီး၊ လူတန်းစားမျိုးစုံမှ နိုင်ငံသူ၊ နိုင်ငံသားများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားသလို ပြည်သူ့ဆန္ဒကို အလေး ထားတဲ့ ပါတီ၊ ပြည်သူက ချစ်တဲ့ ပါတီအဖြစ် ယနေ့ထိတိုင် ရှင်သန်နေဆဲ၊ လျှောက်လှမ်းနေဆဲ ဖြစ်တဲ့ ပါတီလည်း ဖြစ်ပါတယ်။

၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၂၀ စတဲ့ ရွေးကောက်ပွဲတွေမှာ သောင်ပြိုကမ်းပြို အနိုင်ရအောင် ပြည်သူလူထုထောက်ခံအားပေးမှု၊ ပြည်သူရဲ့ယုံကြည်မှုကို ရယူနိုင်ခဲ့တဲ့ သမိုင်း ကိုလည်း ပိုင်ဆိုင်ထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် သာဖြစ်ပြီး ပြည်သူရှိနေသရွေ့ ပါတီကလည်း ဆက်လက် ရှင်သန်နေမယ် ဆိုတာကိုလည်း ယုံကြည်ပါတယ်။ ဒီကနေ့အချိန်အထိလည်း ကြုံတွေ့လာသမျှ အခက်အခဲ စိန်ခေါ်မှု အားလုံးကို ပြည်သူနဲ့အတူ ရင်ဆိုင်ဖြတ်ကျော်လျက် ရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။

ဒီကနေ့ (၃၅) နှစ်ပြည့်ကနေ အတိတ်ကို ပြန်ပြောင်းကြည့်ရင် ဒီမိုကရေစီရရှိဖို့၊ ပြည်တွင်းစစ်တွေငြိမ်းနိုင်ဖို့၊ တိုင်းရင်းသားအားလုံး‌သွေးစည်းညီညွတ်မှုကို မြှင့်တင်နိုင်ဖို့၊ နိုင်ငံ တဝှမ်း လွတ်လပ်သာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ မျှော်မှန်းချက်တွေအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့တာ‌ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကြိုးပမ်းတည်ဆောက်ခဲ့မှုအရာရာဟာ ၂၀၂၁ ခုနှစ်မှာ ပြည်သူ့အာဏာကို ဆန့်ကျင်ပြီး စစ်ကောင်စီရဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျုးလွန် အာဏာသိမ်းခြင်းကြောင့် အလုံးစုံပျက်သုဉ်းမှုဆီကို တစ်ဖန်တွန်းပို့ခြင်းခံရတဲ့ အ‌ခြေ အ‌နေကို ရောက်ရှိနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကလည်း တိုင်းပြည်အတွင်းမှာ ဒီမိုကရေစီပြန်ရဖို့၊ အေးချမ်းတည်ငြိမ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်ဖို့ ရုန်းကန် တော်လှန်နေကြရချိန် ဖြစ်ပါတယ်။

တိုင်းပြည်အတွက် ပြည်သူအတွက် အနာဂတ်အသစ်ကို တစ်ဖန် ဖန်တီးတည်ဆောက် နိုင်ဖို့ နွေဦးတော်လှန်ရေးကြီးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များဟာ တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားပြည်သူများနဲ့အတူ ကျရာအခန်းကဏ္ဍကနေ စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်နေကြတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှု အခက်အခဲအားလုံးကို မယိုင်မလဲ ကြံ့ကြံ့ခံ အံတုကာ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေမှုများကိုလည်း မြင်တွေ့ ရပါတယ်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ အနေနဲ့ ရှိရင်းစွဲ စည်းလုံးညီညွတ်မှုတွေ၊ ဟန်ချက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ပြည်သူတွေအတွက် ဒီမိုကရေစီ ပြန်လည်ယူဆောင်ပေးနိုင်ဖို့၊ ပြည်သူတွေရဲ့လက်ထဲကို ပြည်သူ့အာဏာ ပြန်လည်ပေးအပ်နိုင်ဖို့၊ တိုင်းပြည်ငြိမ်းချမ်းသာယာဖို့ ဆထက်တိုး ပါဝင်သွား နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ ပြည်သူက ယုံကြည်လေးစားရတဲ့ ပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ပြီး ပြည်သူတွေအတွက် မျှော်လင့်ချက်အသစ်တွေ သယ်ဆောင်ပေးနိုင်ပါစေ၊ အနာဂတ်အသစ်တွေကို ဆက်လက် ဖန်တီးပေးနိုင်ပါစေ။ အကြမ်းဖက်စစ်တပ်ရဲ့ မတရား ဖမ်းဆီးခံထားရတဲ့ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ပါစေ။

အခုလို လူမဆန်တဲ့ စစ်အာဏာရှင်တွေကို နှစ်ပေါင်း (၃၀) ကျော်ကတည်းက ရဲရဲဝံ့ဝံ့ ဆန့်ကျင်ပြီး ပြည်သူ့ရှေ့ကနေ အမြဲတမ်း မားမားမတ်မတ်ရပ်တည်ပေးတဲ့ တိုင်းပြည်အတွက် အလင်းရောင်တွေ ဖန်တီးပေးတဲ့ ပြည်သူ့ပါတီကြီးအဖြစ် မြန်မာ့သမိုင်းတည်သရွေ့ အဓွန့်ရှည် တည်တံ့နေမည်ဟု လေးလေးနက်နက်ယုံကြည်ပါကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုယ်စား နှုတ်ခွန်းဆက်စကားပြောကြားအပ်ပါတယ်။

အားလုံးကို လေးစားပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။

Scroll to Top