မူလ / အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေးဆိုင်ရာဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေးဆိုင်ရာဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ တက်ရောက်ခဲ့

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်၌ “U.S. Policy on Burma: Opportunities and Challenges” ခေါင်းစဉ်ဖြင့် ကျင်းပသည့် မြန်မာ့အရေးဆိုင်ရာဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲအား အမေရိကန်နိုင်ငံအခြေစိုက်အဖွဲ့အစည်း The Burma Research Institute (BRI) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၏ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ Ms. Young Kim က ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ် Ms. Young Kim (R, California – 40)၊ Mr. Jefferson Shreve (R, Indiana – 6)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အလုပ်မှုဆောင်ကော်မတီ အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးတို့လည်း ပါဝင် တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့သည် မကြာသေးခင်က အကြမ်းဖက်စစ်တပ်၏ ရခိုင်ပြည်နယ်၊ မြောက်ဦး ပြည်သူ့ဆေးရုံ၌ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် အရပ်သားပြည်သူများအပေါ်၌ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေမှုများ၊ မြန်မာပြည်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ အဆုံးသတ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့ စိတ်ချယုံကြည်ရသော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်တို့ ရှင်းလင်းတင်ပြခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်သာမက ပြည်သူအများစု လက်မခံသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်သည်ကို ထောက်ပြခဲ့ပါသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲရလဒ်အား တရားဝင် ငြင်းဆိုပေးရန်၊ မြန်မာနိုင်ငံသားများအား ယာယီနေထိုင်ခွင့် ရပ်စဲသည့် ဆုံးဖြတ်ချက်ကို ဖြေလျှော့ပေးရန်၊ မကြာသေးခင်က အတည်ပြုခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအပေါ် တာဝန်ခံမှုရှိစေရေးနှင့် အရေးယူဆောင်ရွက်ရေးဥပဒေ (S.2950) ကို အသုံးပြု၍ အာဏာသိမ်းစစ်တပ်အား ရာဇဝတ်မှုများကို အားပေးကူညီနေသည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တားဆီးနှိမ်နှင်းနိုင်ရေး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top