၂၂ ရက်၊ စက်တင်ဘာ ၂၀၂၂
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးတို့နှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် Mr. Derek Chollet နှင့် တာဝန်ရှိသူများအား စက်တင်ဘာလ (၂၁ ) ရက်နေ့တွင် နယူးယောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်နေသော အဖြစ်အပျက်များနှင့် အမေရိကန်နိုင်ငံ အစိုးရအနေနှင့် ပူးပေါင်းလုပ်ဆောင်ကူညီနိုင်မည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးရာတွင်အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲ အပေါ် အမြင်သဘောထားများ၊အမေရိကန်အစိုးရအနေနှင့် စစ်ကောင်စီအပေါ် ဆက်လက်တိုးမြှင့် လုပ်ဆောင်သင့်သော စီးပွားရေးပိတ်ဆို့အရေးယူမှုအတွက် ပစ်မှတ်ထားသင့်သည့် လုပ်ငန်းများ၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးဆိုင်ရာယန္တယားများကို ထိရောက်စွာအသုံးပြုနိုင်မည့် ရှေ့လုပ်ငန်းစဥ်များ၊ လူသားချင်းစာနာမှုအကူအညီများ၊ နည်းပညာ၊ ဆက်သွယ်ရေး၊ အတတ်ပညာပိုင်း ဆိုင်ရာအကူအညီများ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ ပြည်သူရင်ခွင်ခိုလှုံလာကြသည့်သူများအတွက် ကာကွယ်ကူညီမှုများနှင့် အခြားထောက်ပံ့ကူညီမှုများ အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


