မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ မြန်မာနှစ်သစ်ကူး ဆုတောင်းစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ မြန်မာနှစ်သစ်ကူး ဆုတောင်းစကား

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်

(၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ နှစ်ဆန်းတစ်ရက်နေ့)

               အတာကူးတဲ့ နှစ်သစ်ကူးအချိန်မှာ နိုင်ငံတစ်ဝှမ်း တိုင်းရင်းသားပြည်သူအပေါင်း လက်ရှိ ခံစားနေရတဲ့ ဘေးဒုက္ခအမျိုးမျိုးမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပြီး ငြိမ်းချမ်းသော အနာဂတ်သို့ အားသစ်၊ အင်သစ်များဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ရွေးကောက်ခံကိုယ်စားလှယ် များနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား ပထမဆုံး ဆုတောင်းဆန္ဒပြုလိုက် ပါတယ်။

               ပြည်သူတွေဟာ မြန်မာနှစ်ကူးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲဖြတ်ကျော်လိုကြပေမယ့် အခုလို တိုင်းပြည်အတွက် တော်လှန်ရေးကာလ အရေးကြီးချိန်မှာ လူငယ်တွေကအစ အရွယ်စုံ၊ အလွှာစုံ၊ လူမျိုးဘာသာမ‌ရွေး မိမိတို့ရဲ့အနာဂတ်အတွက် အပျော်ကိုစွန့်ပြီး အကြမ်းဖက် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

ခက်ခဲတဲ့ (၃) နှစ်တာခရီးကို ပြန်ပြောင်းကြည့်ရင် အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင် တွေကို ဆန့်ကျင်ရာမှာ အကျယ်လောင်ဆုံးအသံများနဲ့ ဟစ်ကြွေးခဲ့ကြတယ်။ အပြောင်မြောက် ဆုံး ခုခံတော်လှန်စစ်နဲ့လည်း ချီတက်ခဲ့ကြပါတယ်။ ပြည်ပရောက်ရှိနေကြတဲ့ ပြည်ထောင်စုဖွား များကလည်း နိုင်ရာကဏ္ဍအသီးသီးက စုပေါင်းပါဝင်တွန်းလှန်နေမှုတွေကြောင့် စစ်ကောင်စီ စိုးမိုးရာဗဟိုချက်ဖြစ်တဲ့ နေပြည်တော်လို နေရာထိ ခြိမ်းခြောက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီလိုညီညွတ်မှု၊ ကြံဆမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သိသိသာသာ အားကောင်း လာတာဟာ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲတွေက သက်သေဖြစ်ပါတယ်။ ဘန်ကာ တွေ အခိုင်အမာ၊ လက်နက်ကြီး၊ လက်နက်ငယ်အမျိုးမျိုးနဲ့ စွမ်းပါတယ်ဆိုတဲ့ တပ်ရင်းတွေ၊ တပ်ဖွဲ့တွေရဲ့ လက်နက်ချခဲ့တဲ့ ဖြစ်စဉ်တွေက သက်သေဖြစ်ပါတယ်။ ဒီရလဒ်တွေဟာ တစ်ရက် တည်း၊ တစ်လတည်းနဲ့ ရယူနိုင်ခဲ့တာမဟုတ်ဘဲ (၃) နှစ်နီးပါး တည်ဆောက်ခဲ့ရ၊ ဖြတ်ကျော်ခဲ့ရ၊ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီးမှ ရနိုင်ခဲ့တဲ့ ရလဒ်တွေ ဖြစ်ပါတယ်။

တော်လှန်ရေးခေါင်းဆောင်အသီးသီးရဲ့ အမြော်အမြင်ရှိမှု၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေ၊ အင်အားစုတွေရဲ့ ရဲစွမ်းသတ္တိ၊ ကြိုးပမ်းအားထုတ်မှုနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ကျွန်တော်တို့အားလုံး မျှော်မှန်းကြိုးစားနေကြတဲ့ အကြမ်းဖက်စစ်တပ် ပြိုကျမယ့်အချိန်၊ ငြိမ်းချမ်းတဲ့အနာဂတ်၊ ပြည်ထောင်စုသားအားလုံးအတွက် ခွင့်တူညီမျှဝါဒဖြူစင်တဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ့် အိပ်မက်ဟာ ပိုပြီး ပီပြင်လာပါပြီ။

ပြည်သူ့အပေါ် သစ္စာရှိတာဝန်သိတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဆန္ဒကို အလေးထားပြီး ဒီလူထုတော်လှန်ရေးကြီးရဲ့ အောင်ပွဲဆီကို ပါဝင်လျှောက်လှမ်း နေကြပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရနဲ့ လူ့အခွင့်အရေးစံတန်ဖိုးတွေကို ထိန်းသိမ်းကာကွယ် ရင်း နိုင်ငံရဲ့အရှင်သခင်ဖြစ်တဲ့ ပြည်သူတွေထံ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ကိုယ့်အနာဂတ်အတွက် ဒီမိုကရေစီနည်းကျ ပါဝင်ဆုံးဖြတ်နိုင်ခွင့်၊ အကြောက်တရားမရှိ ရှင်သန်ရပ်တည်ခွင့်တို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်သလို ပြည်သူ့‌တော်လှန်‌ရေးရဲ့ ကဏ္ဍ အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။

ယခုအချိန် တော်လှန်ရေးကြီးရဲ့ အလှည့်အပြောင်းတစ်ခုရောက်လာတဲ့အချိန်မှာ လက်ရှိအရှိန်ကို တိုးမြှင့်နိုင်ဖို့၊ အဆုံးသတ်တိုက်ပွဲနဲ့ အောင်ပွဲဆီ လျှောက်လှမ်းနိုင်ဖို့၊ အနာဂတ်  နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ဖို့ ခိုင်မာတဲ့မူတွေ ချမှတ်အတည်ပြုနိုင်ဖို့ တော်လှန်ရေး အင်အားစုများအကြား ဆွေးနွေးညှိနှိုင်းမှုတွေ၊ သဘောတူညီမှုတွေမှတစ်ဆင့် ဆက်လက်ကြိုးပမ်း သွားပါမယ်။

အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ ကာလတွေကနေ စနစ်ပြောင်းတော်လှန်ရေးကို သွားရတဲ့အခါ စိန်ခေါ်မှုတွေ များစွာရှိသည့်တိုင် ငြိမ်းချမ်းမှု၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ ဖွံ့ဖြိုးမှု အရသာ၊ အသီးအပွင့်တွေ တစ်ပြည်လုံးမှာ အမြန်ဆုံးခံစားနိုင်ဖို့ ကိုယ်အား၊ ဉာဏ်အားရှိသမျှနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာ  ထပ်လောင်းကတိပြုလိုပါတယ်။

ပြည်သူတွေရဲ့ ရဲရင့်ပြတ်သားမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ထပ်လောင်း အလေးထား ဂုဏ်ပြုရင်း လက်ရှိခံစားနေရတဲ့ ဒုက္ခများမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ၊ မျှော်လင့်ချက် အသစ်၊ အနာဂတ်အသစ်တွေအတွက် ပိုမိုကြံ့ခိုင်ကြပါစေ၊ နိုင်ငံ‌တော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးချုပ်နှောင် ခံထား ရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ၊ နှစ်သစ်အခါသမယ မှစ၍ နိုင်ငံသူနိုင်ငံသားများအားလုံး ကောင်းကျိုးဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆန္ဒပြု ဆု‌တောင်းအပ်ပါတယ်။

ကောင်းမြတ်သော၊ မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ပါစေ။

https://youtu.be/ciGmJgN5zOo

Scroll to Top