မူလ / ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌပြောကြားခဲ့သည့် မိန့်ခွန်း

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌပြောကြားခဲ့သည့် မိန့်ခွန်း

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်

               ယနေ့အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ကြပါသော ချင်းအမျိုးသားတော်လှန်ရေး ခေါင်းဆောင်ကြီးများ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ တော်လှန်ရေးရဲဘော်ရဲဘက် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာမှ ပုဂ္ဂိုလ်များ၊ live မှတစ်ဆင့် ကြည့်ရှုနေ ကြပါသော ကမ္ဘာတဝှမ်းမှ ချင်းပြည်သူပြည်သားများနှင့်  တိုင်းရင်းသားပြည်သူလူထုအားလုံး ငြိမ်းချမ်းတည်ငြိမ်တဲ့ အချိန်အခါ‌ကောင်းကို အမြန်‌ဆုံး‌ ရောက်ရှိကြပါစေကြောင်း ဦးစွာ ဆုတောင်း မေတ္တာ ပို့သလိုပါတယ်။

               ဒီကနေ့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ ပြည်သူ့အာဏာကို စစ်တပ်က အကြမ်းဖက်သိမ်းယူပြီး စစ်အာဏာရှင်အုပ်စိုးမှု အသက်ဆက်သွင်းလိုတဲ့လုပ်ရပ်ကို ဆန့်ကျင်ပြီး ဖေဖော်ဝါရီ (၁၃) ရက်နေ့မှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံရေးသဘောတူညီချက်များ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖလမ်းမြို့နယ်နဲ့ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်) ရှိ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေက ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ကို စတင်တည်ထောင်ပြီး တစ်ဆက်တည်းမှာပဲ CNO ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကို ဖွဲ့စည်းခဲ့တဲ့ (၃) နှစ်ပြည့်မြောက်တဲ့ သမိုင်းဝင် နေ့တစ်နေ့ရဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကိုယ်စား စကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြာက် ရပါ ကြောင်း ပြောကြားအပ်ပါတယ်။

               CNO/CNDF အနေနဲ့ အမျိုးသားညီးညွတ်ရေးအစိုးရ (NUG)၊ ချင်းနိုင်ငံရေး အဖွဲ့အစည်း များအပါအဝင် ဒီမိုကရက်အင်အားစုများနဲ့ လက်တွဲကာ စစ်အာဏာရှင်ဆန်ကျင်‌ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖွဲ့စည်းပြီးတော့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

               ဒါ့အပြင် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာ Salai William Chin ရဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၂) ရက်၊ VOA Interview မှာ – “အာဏာရှင်စနစ်ဆိုးကြီးကို လုံးဝချုပ်ငြိမ်းစေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ကျနော်တို့ ကိုယ့်ဒေသကိုအခြေပြုပြီး တတ်နိုင်သလောက် ခုခံကာကွယ်ပြီး အာဏာရှင်ကိုတွန်းလှန်သွားမယ်ဆိုတာနဲ့ CRPH က ဖွဲ့စည်းလိုက်တဲ့ NUG နဲ့ ကျွန်‌နော်တို့ ဆက်လက်ပြီးမှ ရှေ့ဆက်လှုပ်ရှားသွားဖို့၊ လိုအပ်တဲ့နေရာတွေမှာ စနစ်တကျ ခုခံ ကာကွယ်သွားဖို့၊ လောလောဆယ် ဖလမ်းမြို့နယ်နဲ့‌ ဒေသအချို့ကိုပဲ အခြေပြုထားပြီး နောက်ပိုင်းမှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းနဲ့မဆို သဘောထားချင်း၊ မူဝါဒချင်းတူတဲ့သူတွေနဲ့ ပူးပေါင်းပြီး လှုပ်ရှားသွားမယ်”လို့ ပြောကြားခဲ့တာလည်း ကြားသိ အမှတ်ပြုမိခဲ့ပါတယ်။

               ဒီ(၃)နှစ်တာကာလအတွင်းမှာ စိန်ခေါ်မှုအမျိုးမျိုးတွေကြားကပဲ ချင်းအမျိုးသားများအရေး၊ ချင်းပြည်အရေးနဲ့ ပြည်ထောင်စုအရေးတို့အတွက် အတိုင်းအတာအလျောက် စွမ်းဆောင်နိုင်ခဲ့တာ ကိုလည်း မြင်တွေ့နေရပါတယ်။

               စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးသို့ ဦးတည်လျှောက်လှမ်းနေကြသည့် နွေဦးတော်လှန်ရေးခရီးကြမ်းမှာ အကြမ်းဖက် စစ်ကောင်စီကို အင်တိုက်အားတိုက် တူမီးကစတဲ့ ရရာလက်နက်စွဲကိုင်လျက် စတင် ခုခံတော်လှန် ခဲ့ကြသည့် ချင်းဒေသဟာ စစ်ကောင်စီနှင့် ၎င်းရဲ့ သြဇာခံလက်နက်ကိုင်တပ်များကို တုန်လှုပ် ခြောက်ခြားစေနိုင်ခဲ့ပါတယ်။

               ချင်းလူမျိုးတို့အနေဖြင့် သဘာဝအရှိတရား၊ စည်းလုံးမှုညီညွတ်မှုအင်အားကို ဖော်ညွှန်း ပြသနိုင်ခဲ့ကြပါတယ်။ ဒီအင်အားကို ဆက်လက်ထိန်းသိမ်းကာ ရည်မှန်းချက် မပျက်မယွင်းဘဲ ရှေ့ဆက်ကြရမှာဖြစ်ပါတယ်။

               အားလုံးဟာ အသက်ခန္ဓာကိုတောင် ပေးဆပ်ရင်းနှီးပြီး စွန့်လွှတ် စွန့်စား အနစ်နာခံရင်း ဒီတော်လှန်ရေးကြီးထဲမှာ စုစုစည်းစည်း လှုပ်ရှားပါဝင်ခဲ့ကြလို့လည်း အောင်မြင်စွာနဲ့ မိမိတို့ရဲ့ ဦးတည်ရည်မှန်းချက် ဆိပ်ကမ်းဆီကို ကပ်နိုင်တော့မှာဖြစ်ပါတယ်။

               ဘယ်လိုမဆို တဖက်ရန်သူက ကစဉ့်ကလျားဖြစ်နေချိန်မှာ ပြည်သူ့တော်လှန်ရေး ဘက်တော်သားများဘက်က တစုတစည်းနဲ့ တွန်းလှန်နိုင်မှသာ အချိန်တိုအတွင်း‌ အောင်မြင်မှာ ဖြစ်ပါတယ်။

               တည်ငြိမ်တဲ့ အနာဂတ်နိုင်ငံတော်သစ်အတွက် တော်လှန်ရေးအလွန် ဆောင်ရွက်ရမည့် တည်ဆောက်ရေးတွေလည်း အမြောက်အမြား ရှိနေဦးမှာဖြစ်ပါတယ်။

               ဒါကြောင့်လည်း ဒီကနေ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်မြောက်အခမ်းအနားကနေ-မိမိတို့ရဲ့ ချင်းအမျိုးသားများအပါအဝင် ပြည်ထောင်စုသားညီနောင်ဖွားအားလုံး မျှော်မှန်းတဲ့ တန်းတူ ညီမျှရှိတဲ့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စုတည်‌‌ဆောက်ရးအတွက် “ညည်းညူရခြင်း” တွေကို ကျော်လွှားပြီး ”ညီညွတ်ကြခြင်း” တို့နဲ့ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုလေးစားပါတယ်။

ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။

Scroll to Top