မူလ / ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့် မိန့်ခွန်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားခဲ့သည့် မိန့်ခွန်း

၃၁-၃-၂၀၂၃ ရက်နေ့ (သောကြာနေ့)

ဒီကနေ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းကျင်းပတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ကြီးနှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ‌ကောင်စီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများအပါအဝင် ဒီနေ့ တက်ရောက်နေကြတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကျန်းမာဘေးကင်းလုံခြုံကြပါစေကြောင်း ဦးစွာ ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျနော်တို့ရဲ့ ဒီမိုကရေစီအင်အားစုများရဲ့ စုစည်းညီညွတ်မှုနဲ့ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာချက်အမှတ် (၁၉/၂၀၂၁) နဲ့ ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ အဲဒီတစ်ရက်တည်းမှာပဲ ကြေညာချက်အမှတ် (၂၀/၂၀၂၁) နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်းလည်း ကြေညာခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုနောက် နွေဦးတော်လှန်ရေးရဲ့ အင်မတန်မှ အရေးကြီးတဲ့လုပ်ငန်းကို အချိန်တိုတို ကာလအတွင်းမှာ ဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုကို ပြန်ပြောင်းတွေးကြည့်ရင် ညီညွတ်ခြင်းတွေ၊ စုစည်းမှုတွေနဲ့ အတူတူ ခေါင်းဆောင်အသီးသီးရဲ့ အမြော်အမြင်ကြီးမားမှုတွေကြောင့်ဆိုတာ သိသာ ပေါ်လွင်ပါတယ်။ ပြည်သူနဲ့ နိုင်ငံအပေါ်မှာထားရှိကြတဲ့ စိတ်စေတနာကောင်းတွေကြောင့် ဖြစ်တည်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။ ဒီနေ့ဟာ ပဋိညာဉ်ကို ထုတ်ပြန်ကြေညာနိုင်ခဲ့ခြင်း (၂) နှစ်ပြည့် ဖြစ်ပါတယ်။

ပဋိညာဉ်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို စုပေါင်းဆွေးနွေးအဖြေရှာရင်း လိုအပ်တဲ့ ပြင်ဆင်ဖြည့်စွက်ချက်များနဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကနေ့ မိမိတို့ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းဆောင်ရွက်နေမှုများဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်‌နေ့ အာဏာသိမ်းမှု တစ်ခုတည်းကို ဖြေရှင်းနိုင်ဖို့ မဟုတ်ဘဲ မိမိတို့နိုင်ငံမှာ ကာလရှည်ကြာ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်များကို အပြီးတိုင် တိုက်ထုတ်ပြီး ဘယ်လိုအာဏာရှင်စနစ်မျိုးမှ မပေါ်ထွန်းနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားနိုင်ကြဖို့ ဖြစ်ပါတယ်။ တစ်နေရာ တစ်ဒေသ၊ တစ်စု၊ တစ်ဖွဲ့ အတွက်မဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၊ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ထာဝရ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ တည်တံ့နေဖို့ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ စနစ်ဆိုးတွေကို အမြစ်ကနေ တွန်းလှန်နေကြရတာကြောင့် အချိန်တိုတိုနဲ့ ပန်းတိုင်ရောက်ဖို့ဆိုရင် အများကြီးကြိုးစားရုန်းကန်စွမ်းဆောင်နိုင်မှဆိုတာ အားလုံး သိပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့ တော်လှန်ရေး (၂) နှစ်ကျော်ကာလအထိတိုင် ကြံ့ကြံ့ခံကာ အတူလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ အရင်းအမြစ်ရှားပါးမှုနဲ့ အွန်လိုင်းကိုသာ အားထားဆောင်ရွက်နေရတာတွေ၊ ကာလရှည်ကြာ အမြစ်တွယ်လာတဲ့ သံသယတွေကြောင့် မျှော်မှန်းထားတဲ့လမ်းခရီး ကြန့်ကြာနေတယ်ဆိုတာလည်း အားလုံးအတွက် တွေးဆစရာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ အရွေ့ကိုမြန်ဖို့ ကြိုးစားကြမလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဆွေးနွေးတိုင်ပင်မှုတွေ၊ ဒီလိုဆွေးနွေးတိုင်ပင်မှုတွေကနေ အဖြေရှာနေကြတဲ့ချိန်လည်း ဖြစ်ပါတယ်။ အပြန်အလှန် နားလည်မှုတွေ၊ သည်းခံဖေးမမှုတွေ၊ စည်းလုံးညီညွတ်မှုတွေနဲ့ လက်တွဲ ခရီးဆက်ကြဖို့ အထူးလိုအပ်ပါတယ်။ ညီညွတ်ခြင်းနဲ့ ခရီးဆက်ရင် ခရီးမြန်မယ် ဆိုတာ ယုံကြည်ပါတယ်။

ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အချိန်ကာလအတွင်းမှာ အလွှာစုံ၊ ကဏ္ဍစုံ၊ မျိုးဆက်စုံ လူထုများဟာ ကြံ့ခိုင်မှု အားကောင်းကောင်းနဲ့အတူ မိမိတို့လိုချင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်တွေ များစွာ ထားရှိနေတာကိုလည်း မြင်တွေ့ ကြားသိနေရပါတယ်။ အသက်တွေ၊ ဘဝတွေ၊ အရင်းအနှီးတွေ ကြီးစွာပေးပြီး ခုခံတွန်းလှန် ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ မိမိတို့ အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ပြည်သူတွေကို မျက်နှာမူရတာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် ပြည်သူ့ဆန္ဒကို အလေးပေး ပြည်သူ့အင်အားနဲ့ ဆက်လက်ချီတက်ကြဖို့ပဲ ဖြစ်ပါတယ်။

ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားပြီး ပြည်ထောင်စုဖွားညီနောင်သွေးချင်းများနဲ့ ကာလကြာရှည်စွာ မျှော်မှန်းတည်ဆောက်လိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ကျရာ ကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်သွားကြရမှာလည်း ဖြစ်ပါတယ်။

ယခင်ထက် ပိုမိုသော စည်းလုံးညီညွတ်မှုတွေနဲ့အတူ တန်းတူညီမျှပြီး အေးချမ်း သာယာသော နိုင်ငံသစ်ကို တက်ညီလက်ညီ ပူးပေါင်းတည်ဆောက်ပြီး နောင်မျိုးဆက်သစ်တို့အတွက် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်ကြပါစို့၊ ဒီကနေ့ ကျရောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ (၂)နှစ်ပြည့်မြောက်တဲ့နေ့မှာ ပိုမိုခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ဆက်လက်ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို လေးစားပါတယ်။ အရေးတော်ပုံ မုချအောင်ရမည်။

Scroll to Top