၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်
ဒီကနေ့ညချမ်းမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဦးစီးပြီးကျင်းပတဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၃၅) နှစ် ပြည့်မြောက်တဲ့နေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ဝန်ကြီး၊ ဒုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် နိုင်ငံရေးပါတီအသီးသီးနဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ၊ နိုင်ငံတကာ သံတမန်များနဲ့ ဧည့်သည်တော်များ၊ ဂုဏ်သရေရှိလူကြီးများအားလုံးအပြင် ဒီကနေ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ တိုင်းရင်းသားပြည်သူအားလုံးကို မင်္ဂလာပါလို့ ဦးစွာ ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီကနေ့အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား တက်ရောက် အမှတ်တရစကား ပြောကြားခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းလည်း အလေးထား ပြောကြားလိုပါတယ်။ ကျနော်တို့ ပြည်ထောင်စုဖွား ညီနောင်သားချင်းတွေဟာ လူကိုလူလို အသိအမှတ်ပြုတဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ ဒီမိုကရေစီကို လိုလားတောင့်တပြင်းပြတဲ့ ဆန္ဒများနဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ဖြိုချနိုင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မေ့ပျောက်လို့လည်းမရတဲ့ ပေးဆပ်မှုလည်းကြီးမားတဲ့ သွေးနဲ့ရေးခဲ့တဲ့ သမိုင်းမော်ကွန်း ဖြစ်ပါတယ်။ ဒါပေမယ့် ပါတီစုံစနစ်ကို သွားပါမယ်ဆိုတဲ့ လှည့်စားချက်နဲ့ စစ်အာဏာရှင်အုပ်စိုးမှုအောက်ကို ပြန်ရောက်ခဲ့ရပါတယ်။
၁၉၉၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲရဲ့ ပြည်သူ့ဆန္ဒကို ပယ်ဖျက်ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင်ကြီးများ ကြီးစိုးတဲ့ ၂၀၀၈ ခြေဥကို ဖန်တီးကာ အသာစီးယူခဲ့ကြပါတယ်။ ဒါကို သွေးမြေမကျစေတဲ့နည်းလမ်းနဲ့ ကျော်လွှားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တက်လှမ်းဖို့ ပြည်သူ့ဆန္ဒနဲ့အညီ ဖော်ဆောင်ရတော့မယ့်အချိန်မှာ စစ်မိစ္ဆာတို့ရဲ့ အကြမ်းဖက် အာဏာသိမ်းပြီး လူမဆန်တဲ့ မတရား၊ ဖိနှိပ်၊ လုယက်၊ ဖျက်ဆီး၊ သတ်ဖြတ်မှုတွေကို ဒီကနေ့ ခါးသီးစွာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီ (၃၅)နှစ်အတွင်းမှာ ရရှိခဲ့တဲ့ သင်ခန်းစာများအရ မျိုးဆက်သစ်များဟာ ကိုယ့်ကိုယ်ကို ကာကွယ်ခုခံတွန်းလှန်ရတော့မယ်ဆိုတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့ရပြီးတော့ နွေဦးတော်လှန်ရေးကြီးကို ဆက်လက်တိုက်ပွဲဝင်နေရတဲ့ကာလလည်း ဖြစ်ပါတယ်။
လူထု၏ ညီညွတ်မှုအင်အားလှုပ်ရှားမှုကြီးနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဒီကနေ့မှာ (၃၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီးတော့ ညီညွတ်ရေးနှင့် စည်းလုံးမှုအားကို အခြေတည်တဲ့ တော်လှန်ရေးလှုပ်ရှားမှုအားလုံးဟာ မိမိတို့အင်အားစုများအတွက် ရှေ့ဆက်ချီတက် မောင်းနှင်နိုင်မယ့် တော်လှန်ရေးခရီးလမ်းကြောင်းများမှာ လမ်းပြသဖွယ် သမိုင်းသင်ခန်းစာများအဖြစ် မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ခွန်အားကို စနစ်တကျ ကျင့်သုံးနိုင်မှသာ မိမိတို့မျှော်မှန်းတဲ့ ပန်းတိုင်ဆီကို အရောက်လှမ်းချီနိုင်မှာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် အသက်သွေးချွေး ပေးဆပ်ခဲ့ကြရတဲ့ ကျွန်တော်တို့ရဲ့ အာဇာနည်ရဲဘော်များရဲ့ ကျေးဇူးသစ္စာကို သတိရအောက်မေ့နေရုံမျှ မဟုတ်ဘဲနဲ့ ပန်းတိုင်ရောက်အောင် ဆက်လက်သယ်ပိုးရမယ့်တာဝန်ဟာ ကျွန်တော်တို့ရဲ့ ပုခုံးပေါ်မှာ ကျရောက်နေပြီလို့ ခံယူပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့လည်း ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်စားပြုအဖွဲ့အစည်း ဖြစ်တာနဲ့အညီ ဒီမိုကရေစီ စံတန်ဖိုးတွေကို အလေးထားလိုက်နာပြီး ပြည်သူ့ဆန္ဒတွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ပြည်သူ့သဘောထားနဲ့အညီ နွေဦးတော်လှန်ရေးကြီး အောင်မြင်ရေးအတွက် အစဉ်တစိုက် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြာင်းနဲ့ ဆက်လက်ဆောင်ရွက်သွားမယ် ဖြစ်ကြောင်းကိုလည်း ဒီကနေ့ အခမ်းအနားမှာ ထပ်လောင်း ကတိပြုပြောကြားလိုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် အပြီးတိုင် ချုပ်ငြိမ်းပြီး နောင်မှာ ဘယ်လိုအာဏာရှစ်စနစ်မျိုးမှ ပေါ်ထွန်းမလာနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက် လာရာမတူကြသော်လည်း လားရာတူတဲ့ ခရီးလမ်းမှာ ခွန်အားပြည့် ဆက်လက်ဆောင်ရွက်ကြရန် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းရဲဘော်ကြီးများကို ဦးညွှတ်အလေးပြုရင်း သွေးသစ္စာပြု သန္နိဋ္ဌာန် ချမှတ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို လေးစားပါတယ်။
နွေဦးတော်လှန်ရေး မုချအောင်ရမည်။

