၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ကျရောက်တဲ့ (၇၈) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌအနေနဲ့ အခုလို အမှတ်တရစကား ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက်ရပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။
ဒီကနေ့အခမ်းအနားသို့ တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၊ ဝန်ကြီးချုပ်နှင့်တကွ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတကာ သံတမန်များ၊ တက်ရောက် လာကြသူများအားလုံး ဘေးကင်း လုံခြုံ ကျန်းမာကြပါစေ။ တိုင်းပြည်အကျိုး ဆထက်ထမ်းပိုး ထမ်းရွက်နိုင်ကြပါစေ။ မိမိတိုင်းပြည်နှင့် လူမျိုးအတွက် စံပြခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဒီကနေ့ ကျင်းပပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်မြောက် မွေးနေ့အချိန်အခါသမယမှာ လူထုခေါင်းဆောင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး သက်ရှည်ကျန်းမာပါစေ။ ဘေးအန္တရာယ်အပေါင်း ကင်းဝေးပါစေ။ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအခက်အခဲအားလုံးကို မယိုင်မလဲ ကြံ့ကြံ့ခံအံတုကာ အချုပ်အနှောင်မှ အမြန်လွတ်မြောက်နိုင်ပါစေကြောင်း ဦးစွာပထမ မွေးနေ့ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ပြည်သူလူထုအားလုံး ပို့သတဲ့ မေတ္တာကြောင့်၊ ပြည်သူ့မေတ္တာစွမ်းအားကြောင့် အေးချမ်းမှုနှင့် သတ္တိခွန်အားများ ပိုမိုရရှိနိုင်ပါစေကြောင်းလည်း ဆန္ဒပြုအပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆိုတာဟာ ပါတီတစ်ခုရဲ့ ခေါင်းဆောင်မျှသာမဟုတ်၊ မြန်မာ့ဒီမိုကရေစီအရေးရဲ့ လူထုခေါင်းဆောင်ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်မျှသာမဟုတ်၊ နိုင်ငံတကာ အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို နိုင်ငံအတွင်းမှာသာမက နိုင်ငံတကာရောက် ပြည်ထောင်စုသား ညီနောင်မိသားစုများကပါ အလွှာစုံ အဖွဲ့စုံက မွေးနေ့အခမ်းအနားများ ကျင်းပနေကြတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ သာမန်မွေးနေ့ပွဲတစ်ခုထက် လေးနက်တဲ့ အဓိပ္ပါယ်ဆောင်နေတာကိုလည်း သတိပြုမိပါတယ်။ မြန်မာပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုအဖြစ် ပေါ်လွင်ထင်ရှားနေပါတယ်။ ဒါဟာ ပြည်သူတို့ရဲ့ မိမိတို့ ခေါင်းဆောင်အပေါ် “တမ်းတ” မှုကို ကမ္ဘာကြီးက “မှန်းဆ” မှု ပြုနိုင်မယ့် အခမ်းအနား အဖြစ်လည်း ရှုမြင်မိပါတယ်။
ဒီကနေ့ကျင်းပတဲ့ပွဲဟာ မိမိတို့ ခေါင်းဆောင်ကို သတိတရနဲ့ ကျင်းပပေးကြတာဖြစ်ပါတယ်။ ခေါင်းဆောင်ချမှတ်ခဲ့တဲ့ လမ်းစဉ်ကိုလည်း လိုက်နာကျင့်သုံးနိုင်ဖို့ ကြိုးစားကြရန်လည်း လိုအပ်ပါတယ်။ လူထုခေါင်းဆောင်က ဆရာတော်ဘုရားကြီးတစ်ပါးရဲ့ ဩဝါဒကို မျှဝေပေးခဲ့တာ ရှိပါတယ်။ လူထုခေါင်းဆောင် ပြန်လည်မျှဝေပေးခဲ့တဲ့ ဆရာတော်ကြီးရဲ့ ဩဝါဒကတော့ ဝိရီယ ၄ ဆင့်မှာ ပထမအဆင့်အနေနဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုပီး ဆုံးဖြတ်တာက အနိမ့်ဆုံးအဆင့်၊ ဆုံးဖြတ်ချက်အတိုင်း အလုပ်ကို စလုပ်တာက ဒုတိယအဆင့်၊ တတိယအဆင့်က ခက်ခဲပေမယ့်လည်း ဆက်ပြီးလုပ်တယ်၊ စတုတ္ထအဆင့်ကတော့ အရှုံးနဲ့ရင်ဆိုင်ရရင်တောင် လက်မမြှောက်ဘဲ နောက်တစ်ခါထပ်ကြိုးစားရမယ်ဆိုတဲ့ ဝီရီယကိုပြောတဲ့ ညွှန်ကြားချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အားလုံး တတိယအဆင့်ဖြစ်တဲ့ အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ရသည့်တိုင်အောင် မိမိတို့လိုချင်တဲ့ပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းရမည်ဆိုတဲ့ စကားကတော့ ဒီကနေ့မှာ လက်ကိုင်စွဲထားရမယ့် နီတိဆောင်ပုဒ်တစ်ခု ဖြစ်နေပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် လျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးခရီးကြမ်း သမိုင်းတစ်လျှောက်မှာ ပြည်သူသာ အဓိက ဆိုတဲ့ပုံစံနဲ့ လျှောက်လှမ်းခဲ့တာဖြစ်တယ်။ ဒါကြောင့် ဒီကနေ့အခမ်းအနားမှာ တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများအားလုံး လူထုခေါင်းဆောင်ရဲ့ လမ်းစဉ်ကိုကျင့်သုံးပြီး ရှေ့ဆက်လျှောက်လှမ်းကြမည်ဆိုပါက မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ်များအတွက် ယမ်းငွေ့များကင်းစင်ပြီး ထာဝရ ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို တန်ဖိုးမဖြတ်နိုင်သော ကောင်းမွေအဖြစ် ချန်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။
မိမိတို့အားလုံး လူထုခေါင်းဆောင် အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်စေမည့် အခြေအနေကောင်းများ ဖြစ်ထွန်းရေးနှင့် ရှေ့ဆက်ကြုံတွေ့လာမည့် အခက်အခဲစိန်ခေါ်မှုများ အားလုံးကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုအတွက် နိုင်ငံက ပေးအပ်လာသည့်တာဝန်များကို မိမိတို့အားလုံး မျှဝေထမ်းဆောင်ကြပါစို့လို့ ဒီကနေ့ မွေးနေ့အခါသမယမှာ သန္နိဌာန်ပြု ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံး ကျန်းမာ ကြံ့ခိုင် စွမ်းဆောင်နိုင်ကြပါစေ။
