မူလ / (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်မိန့်ခွန်း

(၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့်မိန့်ခွန်း

၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်

               ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီက ကြီးမှူးကျင်းပတဲ့ (၇၄)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့အခမ်းအနားကို ပါဝင်တက်ရောက်နေကြသော နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ ဥက္ကဋ္ဌကြီးနှင့်တကွ ခေါင်းဆောင်ကြီးများ၊ NUCC ကောင်စီဝင်များ၊ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ NUG အစိုးရအဖွဲ့၏ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအပါအဝင် ယနေ့အခမ်းအနားကို စိတ်ဝင်တစား တက်ရောက်အားပေးနေကြသော ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပအိုဝ်းအမျိုးသားများနှင့်တကွ ညီနောင်တိုင်းရင်းသားအားလုံးကို မင်္ဂလာပါလို့ ဦးစွာ ဂါရဝပြု နှုတ်ခွန်းဆက်သပါတယ်။

               ယခုလို ပအိုဝ်းအမျိုးသားနေ့အခမ်းအနား နေ့ထူးနေ့မြတ်မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ကိုယ်စား စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ရပါကြောင်းနှင့် ဖိတ်ကြားပေးတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနှင့်တကွ ခေါင်းဆောင်ကြီးများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားအပ်ပါတယ်။

               အမျိုးသားနေ့များကို သက်ဆိုင်ရာအမျိုးသားများက မိမိတို့လူမျိုးရဲ့ဖြစ်တည်မှု၊ သမိုင်းကြောင်းကို မျိုးဆက်သစ်လူငယ်များထံ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းခြင်း၊ ဂုဏ်ပြုအပ်တဲ့ ဇာတိသွေး၊ ဇာတိမာန်ကို ထက်သန်ခိုင်ကြည်စေခြင်း၊ နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ် လှုံ့ဆော်ပေးခြင်းဆိုတဲ့ အနှစ်သာရများနဲ့ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။‌ အလေးထားအားပေးရမယ့် အခမ်းအနားဖြစ်ပါတယ်။

               ပအိုဝ်းတိုင်းရင်းသားတို့ဟာ ကျေးဇူးတရားသိရှိမှု၊ ကျေးဇူးတရားကို နားလည် သဘောပေါက်မှုစတဲ့ ဗုဒ္ဓအဆုံးအမကို လေးစားစွာ နှလုံးသွင်းတာနဲ့အညီ မိမိတို့လူမျိုး၊ ဘိုးဘွား၊ မျိုးနွယ်များရဲ့ ကျေးဇူးတရားကို အောက်မေ့သတိရတဲ့စိတ်က ပေါက်ဖွားလာတယ်၊ ကျေးဇူးတရားကိုသိမှုက စတင်ခဲ့တယ်လို့ ဆိုနိုင်ကြောင်း မှတ်တမ်းပြုထားတာ တွေ့ဖူးပါတယ်။

               ဒါ့အပြင် ပအိုဝ်းလူမျိုးများဟာ အခြားသောညီနောင်လူမျိုးများနဲ့ အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာ၊ သမိုင်းတလျှောက်အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားခဲ့ကြတာ သမိုင်းမှတ်ကျောက် အထင်အရှားရှိနေပြီး ဖြစ်ပါတယ်။ အခု ဖက်ဆစ်စစ်မိစ္ဆာအာဏာရှင်တို့ရဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ အာဏာသိမ်းမှုကျူးလွန်နေတာကို လည်းပဲ အခြားတိုင်းရင်းသားပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်နေကြတာလည်း တွေ့နေရပါ တယ်။ နိုင်ငံရေး၊ စစ်ရေးအရ မဆုတ်မနစ်၊ ဇွဲသန်သန်နဲ့ အတူပူးပေါင်းဆောင်ရွက်နေတာကိုလည်း မျက်ဝါးထင်ထင် လေးစားဂုဏ်ယူဖွယ် တွေ့မြင်ရတာ ဖြစ်ပါတယ်။ ဒါတင်မက အနာဂတ်မှာ ဘယ်လိုနိုင်ငံမျိုးဖြစ်စေရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း ဒီနေ့ကျင်းပတဲ့ ပအိုဝ်းအမျိုးသားနေ့ ဆောင်ပုဒ်မှာ “(၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှသည်  ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့” လို့ တွေ့ရပါတယ်။

               ဒါကြောင့် ဒီနေ့အခမ်းအနားဟာ အတိတ်က မိဘဘိုးဘွားများရဲ့ ကျေးဇူးတရား၊ လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမမေ့သလို ပစ္စုပ္ပန် ကျရာတာဝန်များကို ဆောင်ရွက်ရင်း အနာဂတ် မျှော်မှန်းချက်ပါ ပါဝင်တဲ့ အနှစ်သာရပြည့်ဝတဲ့ အခမ်းအနားအဖြစ် အလေးအနက်ထား ဂုဏ်ပြုအပ်ပါကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ လည်းပဲ ပအိုဝ်အမျိုးသားများနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်များကျဆုံးရေး၊ စစ်အာဏာရှင် စနစ်အပါအဝင် ဘယ်လိုအာဏာရှင်စနစ်မျိုးမှ နောင်မှာ မပေါ်ပေါက်လာစေရေးတို့အတွက် ကျရာကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုပါတယ်။

               နွေဦးတော်လှန်ရေး အမြန်အောင်မြင်ပြီးဆုံးပြီး ပအိုဝ်းအမျိုးသားများရဲ့ နေလ နှစ်ပါးအလင်းရောင်နဲ့ ထွန်းပြောင်တဲ့အနာဂတ်ကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပါစေကြောင်းလည်း ဆန္ဒပြုအပ်ပါတယ်။

               ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး မုချ‌အောင်ရမည်။

               အားလုံးကိုကျေးဇူးတင်ပါတယ်။

Scroll to Top