မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က (၇၇) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားအား ပူးပေါင်းကြီးမှူးကျင်းပ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က (၇၇) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားအား ပူးပေါင်းကြီးမှူးကျင်းပ

(၇၇) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ပူးပေါင်း၍ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၀၉၃၀ နာရီအချိန်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ(NUCC)၏ အဖွဲ့ဝင်အဖွဲ့အစည်းများအနက်မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဦးမောင်မောင်အေး၊ နွေဦးတော်လှန်ရေးအင်အားစု အစုအဖွဲ့မှ ကိုသွင်လင်းအောင်တို့က အောက်မေ့ဖွယ် အမှတ်တရစကားများ ပြောကြားခဲ့သည်။ ထို့ပြင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူး(၁) ဇူးပဒုမ္မာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အရံဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာခင်ဆောင်တို့က အောက်မေ့သတိရသည့် သဝဏ်လွှာများ ဖတ်ကြားခဲ့သည်။

အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အမှတ်တရစကားပြောကြားခြင်း အစီအစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်ဖြစ်သော Mr. Kim Aris (ခ) ကိုထိန်လင်း က ပေးပို့သည့် အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားသည့် Video အား ဖွင့်လှစ်ပြသခဲ့ပြီး စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးမန်းဘခိုင်၏ မိသားစုဝင်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အောက်မေ့ဖွယ်အမှတ်တရစကား ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ကာ ကျဆုံးသွားကြသော သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးအတွင်း အသက်စွန့်သွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ၁၀၃၇ နာရီအချိန်တွင် တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြသည်။

အခမ်းအနားတွင် အာဇာနည်နေ့ အမှတ်တရ Documentary နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသများရှိ PDF တပ်ရင်း/တပ်ဖွဲ့များမှ အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုခြင်း Short Video Clip အား ပြသခဲ့သည်။

ထို့ပြင် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့ကြသည့် အဖွဲ့အစည်းများကို ဖတ်ကြားတင်ပြပြီးနောက် မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဆွေမျိုးများနှင့် နိုင်ငံတကာသံတမန်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top