၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်
ယနေ့ကျရောက်သော ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပခဲ့ရာ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပမိတ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များနှင့် ဝန်ကြီးဌာနအသီးသီးမှ CDMers များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်းများ ပြောကြားခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) မှ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends က နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရစကား ပြောကြားခြင်းနှင့် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့(GIREN) ဥက္ကဋ္ဌ Mr. KONDO Shoichi က ပေးပို့သည့် နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် ဗီဒီယိုမက်ဆေ့ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စား ဆရာမ ဒေါ်နှင်းနှင်းမွှေးက သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများ၏ ပူးတွဲသဝဏ်လွှာကို မကွေးဖက်ဒရယ်ယူနစ်၊ စေတုတ္တရာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်ညိုညိုဦးက ဖတ်ကြားခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စား ဒေါက်တာ မေဝင်းမြင့်၊ တအာင်းအမျိုးသားပါတီကိုယ်စား မိုင်းနိုင်ဂေါင်ဇာရ်၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေပြီး ပြည်သူ့တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသား/သူများကိုယ်စား ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ကျောင်းသား/သူများမှ ပေးပို့သော သဝဏ်လွှာကို ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မှ ကျောင်းသူ Potato တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာများ အသီးသီးဖတ်ကြားခဲ့ကြပြီး ဦးမင်းကိုနိုင် က အမှတ်တရစကား ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာပြည်သူများ၏ ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှု မှတ်တမ်းဗီဒီယိုကိုလည်း ပြသခဲ့သည်။
အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကိုလည်း မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး နေ့လယ် ၁၁:၄၁ နာရီခန့်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
The Committee Representing Pyidaungsu Hluttaw















