မူလ / နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေးအစီအစဉ်များအပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ

နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေးအစီအစဉ်များအပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့်ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေးအစီအစဥ်များအပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန် က ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် CDMer များအတွက် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပညာရေးမူဝါဒများ၊ မဟာဗျူဟာများချမှတ်ရန် ချဉ်းကပ်မှုပုံစံနှင့် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဥ်များ၊ အဆင့်မြင့်ပညာကဏ္ဍတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေသူ CDM နှင့် PDF ကျောင်းသားများအတွက် Online နှင့် On ground ပညာရေးအစီအစဥ်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းများ နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန် က  ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ပြီး ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန်နှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top