မူလ / နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူများနှင့် မီးရှို့ခံရသည့်နေအိမ်အရေအတွက်တို့ ပိုမိုများပြားလာခြင်းကြောင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာ တိုးမြှင့်လုပ်ဆောင်လာရသည့်အခြေအနေများ ရှင်းလင်းတင်ပြ

နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူများနှင့် မီးရှို့ခံရသည့်နေအိမ်အရေအတွက်တို့ ပိုမိုများပြားလာခြင်းကြောင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာ တိုးမြှင့်လုပ်ဆောင်လာရသည့်အခြေအနေများ ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅၃/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူများနှင့် မီးရှို့ခံရသည့် နေအိမ်အရေအတွက်တို့ ပိုမိုများပြားလာခြင်းကြောင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာ တိုးမြှင့်လုပ်ဆောင်လာရသည့် အခြေအနေများအပါအဝင် ဝန်ကြီးဌာန၏ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်များအား အသေးစိတ်ရှင်းလင်းတင်ပြခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ၁၈:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြရာတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ဝန်ကြီးဌာနစတင်ဖွဲ့စည်းချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၄.၇၄ မီလီယံ‌ခန့် ကုန်ကျသုံးစွဲခဲ့ပြီး ပြည်သူ့အစိုးရ၏ စိုးမိုးထိန်းချုပ်မှုရရှိထားသည့် ဒေသများတွင် လိုအပ်လျက်ရှိသော စားနပ်ရိက္ခာများ ထောက်ပံ့ပေးပို့မှုအခြေအနေများ၊ နိုင်ငံတဝှမ်းရှိ စစ်ရှောင်စခန်းများသို့ ချိတ်ဆက်ပေးပို့မှုများ၊ အကြမ်းဖက်စစ်ကောင်စီက တရားဥပဒေမဲ့စွာ ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူများ၏ မိသားစုများအတွက် ကူညီထောက်ပံ့မှုများ၊ ထိတွေ့တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်သေဆုံးသွားသည့် ပြည်သူ့ရဲဘော်များနှင့် ပြည်သူများအတွက် ပံ့ပိုးပေးမှုများ၊ ပြည်သူ့ဝန်ထမ်း CDM များအတွက် နှစ်သိမ့်ဆွေးနွေးအစီအစဥ်များ ပြုလုပ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်များ ဖန်တီးပေးခြင်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်နှစ်တာ စီမံချက် နောက်ဆက်တွဲအစီအစဥ်များအား အကောင်အထည်ဖော်ဆောင်နေမှုများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် အခွန်ဘဏ္ဍာရရှိသုံးစွဲမှုအခြေအနေများအား ပွင့်လင်းမြင်သာမှုရှိစေရန်၊ စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ မြေပြင်သတင်းအချက်အလက်များ မှန်ကန်စွာ ချိတ်ဆက်ရရှိနိုင်ရေးအတွက် လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးစနစ်များကို ကြိုတင်စီမံထားရှိရန်နှင့် စစ်ဘေးရှောင်ပြည်သူအရေအတွက် များပြားလျက်ရှိသောကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ဘဏ္ဍာရန်ပုံငွေများ ပိုမိုလိုအပ်သည့် အခြေအနေများကိုလည်း သုံးသပ်တင်ပြခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေး၍ သက်ဆိုင်ရာနယ်မြေဒေသအလိုက် မြေပြင်အခြေအနေများအား တင်ပြကာ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်သွားလိုသည့်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ NUCC ရေးရာကော်မတီ၊ ပညာရေးကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီများအနေဖြင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ အပါအဝင် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များအား တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ၂၁:၅၃ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များ  တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top