မူလ / အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၄၉/၂၀၂၃) သို့ တက်ရောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် CRPH ဥက္ကဋ္ဌက တော်လှန်ရေးအရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ ဆက်သွယ်ရေးကိစ္စသည် အလွန်အရေးကြီးသည့်ကိစ္စဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး အားကောင်းစေရန်နှင့် သတင်းအချက်အလက်ပေါက်ကြားမှုများ မရှိစေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆက်သွယ်ရေးကဏ္ဍ၊ သတင်းအချက်အလက်ကဏ္ဍနှင့် ပြန်ကြားရေးကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အင်တာနက်ဆက်သွယ်ရေးအတွက် ဂြိုလ်တုနည်းပညာသုံးဆက်သွယ်ရေးလုပ်ငန်းများအား နေရာ (၅၀)ကျော်တွင် အကောင်အထည်ဖော်ပြီးစီးထားခြင်း၊ ဘဏ္ဍာငွေကြေးသုံးစွဲရသည့် အခြေအနေများ၊ နယ်မြေများတွင် အင်တာနက်ရရှိမှုနှင့်အတူ အကျိုးသက်ရောက်မှု အခြေအနေများ၊ စက်ကိရိယာများအား စဥ်ဆက်မပြတ်ထိန်းသိမ်းသွားနိုင်ရေးကိစ္စရပ်များနှင့် စောင့်ကြည့်စစ်ဆေးနိုင်ရေးလုပ်ငန်းစဥ်များ၊ သက်ဆိုင်ရာနယ်မြေတာဝန်ခံများနှင့် ချိတ်ဆက်ဆောင်ရွက်ကာ ပြန်ကြားရေးလုပ်ငန်းစဥ်များတွင် PVTV၊ Radio NUG တို့ကို ထုတ်လွှင့်ပြသလျက်ရှိသည့်အပြင် ဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ Website တည်ဆောက်ခြင်း၊ အချက်အလက်များ ထိန်းသိမ်းခြင်း၊ Software ရေးသားပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် တွေ့ကြုံရသည့်အခက်အခဲများအနေဖြင့် လိုအပ်သည့် စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်း၊ ပို့ဆောင်သယ်ယူရခြင်းနှင့် နည်းပညာဆင့်ပွားသင်တန်းများ တက်ရောက်ကာ ပြန်လည်ပို့ချရေးအတွက် စီစဥ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဥ်များအား အသေးစိတ်တင်ပြရှင်းလင်းခဲ့သည်။

၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက  အင်တာနက်ပြတ်တောက်မှုများ ကြုံတွေ့နေရသည့်မြေပြင်အခြေအနေများအတွက် မည်သို့ချိတ်ဆက်လုပ်ဆောင်နိုင်ရန်နှင့် နိုင်ငံတကာသို့ နည်းပညာပိုင်းနှင့် ဆက်သွယ်ရေးဆိုင်ရာအကူအညီများအား မည်သို့တိုက်တွန်းတောင်းဆိုနိုင်ရန်ကိစ္စရပ်များအား မေးမြန်းပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့၍ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်နိုင်မည့်ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေးအား ဆက်လက်ကျင်းပရာတွင် ဘဏ္ဍာရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ပညာရေးကော်မတီနှင့် NUCC ရေးရာကော်မတီများက  လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ပြီး ၂၁၃၀ နာရီအချိန်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top