၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၈/၂၀၂၄)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဝန်ကြီးဌာနတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည့် အောင်လံလွှင့်ချီ နွေဦးထီ၊ အခွန်ကောက်ခံခြင်း၊ အထူးငွေတိုက်စာချုပ်၊ End of Dictatorship/ Early Partnership Program ၊ NUG Pay၊ Spring Development Bank (နွေဦးဖွံ့ဖြိုးရေးဘဏ်) တို့တွင် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နိုင်ရန် ဆွေးနွေးပြောကြား ခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဘဏ္ဍာရေးရာကော်မတီနှင့် NUCC ရေးရာကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw





