မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃၈/၂၀၂၃)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် အခြေခံမူများနှင့်အညီ လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် ကြားကာလနှင့် ရေရှည်ကာလ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲခြင်းကဏ္ဍတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းကာ ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်၍ မူဝါဒဆိုင်ရာလမ်းညွှန်မှုများ ချမှတ်ခြင်း၊ အရေးပေါ်ကြေညာချက်များ ထုတ်ပြန်ခြင်း၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ ဖွဲ့စည်းခြင်း စသည့်လုပ်ငန်းများအပြင် သယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းအပြင်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာမြှင့်တင်ခြင်းကဏ္ဍတွင် အခြေခံပညာ အွန်လိုင်းကျောင်းများတွင် အသိပညာပေးသင်ခန်းစာများအား ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ခြင်း၊ လူမှုကွန်ရက်များတွင် ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ စီစဥ်ဆောင်ရွက်ခြင်း၊ CDM ဝန်ထမ်း (၄၂၆၂)ဦးအတွက်  ငွေကြေးထောက်ပံ့ပေးနိုင်ခဲ့ခြင်းနှင့် (၄၁၀) ဦးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းတို့အပါအဝင် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များအား အသေးစိတ်တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက်  တက်ရောက်လာသူများက  မေးခွန်းများမေးမြန်းကာ  ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး CRPH ဥက္ကဋ္ဌက ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများကိုလည်း အကြံပြု ပြောကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က ဆောင်ရွက်ထားရှိသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှအဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top