မူလ / အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၄၅/၂၀၂၃) သို့ တက်ရောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် CRPH ဥက္ကဋ္ဌက “တော်လှန်ရေးကာလဖြစ်တော့ ပြည်တွင်းမှာ အလှုပ်အယမ်းနှင့်အပြောင်းအလဲဟာ အစိုးရတစ်ရပ်အနေနဲ့လည်းကောင်း၊ လွှတ်တော်တစ်ရပ်အနေနဲ့သော်လည်းကောင်း ပုံမှန်အနေအထားမျိုးအတိုင်း စနစ်တကျ ဖွဲ့စည်းရတာမဟုတ်ဘဲ တော်လှန်ရေးနှင့် အတူယှဥ်တွဲပြီးတော့မှ ထိန်းချုပ်နိုင်တဲ့နယ်မြေတွေ၊ လွတ်မြောက်တဲ့နယ်မြေတွေ စပြီး တည်ထောင်ရတဲ့အခြေအနေမျိုးမှာ ပြန်လည်တည်ဆောက်ရေးကိစ္စရပ်တွေ၊ တရားရေးဆိုင်ရာကိစ္စရပ်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ အခြေအနေအရ လတ်တလောအားဖြင့်  လေဟာနယ်တစ်ခုတော့ ပေါ်ပေါက်တဲ့အခြေအနေရှိပြီး အဲဒီလေဟာနယ်ကို နောက်က လိုက်ဖြည့်ဆည်းရတာဖြစ်လို့ ထောင့်မစေ့နိုင်၊ ထောင့်မစုံနိုင်တဲ့အခြေအနေဖြစ်တာကို အားလုံးလည်း သိကြမည်ဖြစ်ပြီး ရှိနေတဲ့ ပကတိအခြေအနေ၊ အခက်အခဲကိုလည်း မျက်နှာချင်းဆိုင်ရဖို့ ရှိပါတယ်၊ အလားအလာရဲ့ မျှော်လင့်ချက်မှာလည်းပဲ ရှေ့ပေါ်ပေါက်လာနိုင်တဲ့အောင်မြင်မှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဘာတွေကြိုပြီး စီစဥ်ဆောင်ရွက်ရမလဲဆိုတဲ့ ကိစ္စရပ်တွေလည်း စဥ်းစားဖို့ ရှိပါတယ်။ ကော်မတီအသီးသီးကလည်း မိမိတို့၏ သက်ဆိုင်ရာကိစ္စရပ်များမှာ ကြိုးစားဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီနေ့တွေ့ဆုံမှုမှ တရားစီရင် ရေးအပိုင်း ဘယ်လိုအခြေအနေရှိလဲ၊  ကော်မတီအသီးသီးက ဘယ်လိုညှိနှိုင်းလုပ်ဆောင်သွားနိုင်မလဲဆိုတဲ့ လမ်းကြောင်းများလည်း ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခြင်းတွင် ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တရားရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ဥပဒေရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စစ်ဆေးစီရင်ခဲ့သော တရားမများစာရင်းနှင့် အကျဥ်းထောင်များ တည်ထောင်ထားရှိမှု အခြေအနေများ၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားမှုအခြေအနေများနှင့် တရားရေးဆိုင်ရာ ရှေ့ဆက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးရာ တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းကာ အကြံပြုခဲ့ကြပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့၍ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေးအား ဆက်လက်ကျင်းပရာတွင် ဘဏ္ဍာရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် NUCC ရေးရာကော်မတီများက  လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ပြီး ၂၂၃၀ အချိန်တွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top