မူလ / အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် စက်တင်ဘာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် အနာဂတ်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် စက်တင်ဘာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် အနာဂတ်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၀/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် စက်တင်ဘာလအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်၍ အကောင်အထည်ဖော်သွားမည့်လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာန၏ စက်တင်ဘာလအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများနှင့် ထိခိုက်လွယ်အုပ်စုများ (၁၃၈,၃၂၆) ဦးနှင့် အိမ်ထောင်စု (၈၁၃) စုအတွက် လူသားစာနာအကူအညီ ငွေကျပ် (၃၂၃) သန်းကျော် ပေးအပ်ခြင်း၊ “ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ခေါင်းစဥ်ဖြင့် Advocacy Paper (၁) စောင် ထွက်ရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ စိတ်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူသားစာနာတာဝန်ခံများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ စစ်အာဏာရှင်စနစ်ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြသည့် ပြည်သူ့ဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု အစီအစဥ်များ ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ပေးခြင်းတို့အပြင် တော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီပြည်နယ်တို့ရှိ စစ်ဘေးရှောင်များအတွက် ဗုံးခိုကျင်း (၁၂၉၆) ကျင်း တူးဖော်ပေးနိုင်ခဲ့ပြီး ထပ်မံလိုအပ်ချက်များအား  သုံးသပ်တင်ပြခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီ၊ NUCC ရေးရာကော်မတီ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးကို ၂၂:၄၀ အချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top