၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၃) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တက်ရောက်၍ လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြရာ ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ခွင့် လျှောက်ထားလာမှုများနှင့် အိမ်သုံးမီတာများ တပ်ဆင်ခွင့်လျှောက်ထားလာမှုများအပါအဝင် လျှပ်စစ်ဓာတ်အားရရှိရေးတောင်းခံလာပါက ဆောင်ရွက်ရမည့်အခန်းကဏ္ဍများအား အဓိကထား ဆွေးနွေးတင်ပြခဲ့သည်။
အစည်းအဝေးတွင် ဝန်ကြီးဌာနအနေဖြင့် ကြားကာလဒေသန္တရအုပ်ချုပ်ရေးနယ်မြေများရှိ ပြည်သူများက အိမ်သုံးမီတာများ၊ ပါဝါမီတာများ၊ ထရန်စဖော်မာများ တပ်ဆင်လိုခြင်း တင်ပြလာပါက ဆောင်ရွက်ရမည့် မူဝါဒများကို ထုတ်ပြန်ကြေညာပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျဆောင်ရွက်နိုင်ရေး စီမံလုပ်ဆောင်လျက်ရှိကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်သူလူထု၏ ဝန်ထုပ်ဝန်ပိုးလျှော့ချနိုင်ရေးအတွက် ပြည်သူလူထု သုံးစွဲလျက်ရှိသော လျှပ်စစ်ဓာတ်အားခများနှင့်ပတ်သက်၍ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနှင့် မီတာဝန်ဆောင်မှုခများကို ကင်းလွတ်ခွင့်ပြုခြင်းနှင့် အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနှင့် အခြားဝန်ဆောင်မှုများ ကောက်ခံမှုကို ခေတ္တဆိုင်းငံ့ခြင်း ဆောင်ရွက်ထားရှိမှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများနှင့် အခွန်နှုန်းထားသတ်မှတ်ခြင်းဆိုင်ရာကိစ္စများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းနှင့် အကြမ်းဖက်စစ်တပ်၏ လက်နက်ထိမှန်မှုများကြောင့် ပျက်စီးသွားသော ထရန်စဖော်မာများအား ပြန်လည်တည်ဆောက်ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များက ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဦးစိုးသူရထွန်း က ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ NUCC ရေးရာကော်မတီနှင့် ပညာရေးကော်မတီများက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့ကြပြီး (၃)နာရီခွဲ အကြာတွင် အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

