မူလ / အာဏာသိမ်းစစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများပြုလုပ်နိုင်ရန် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း ယူကေအစိုးရပြောကြား

အာဏာသိမ်းစစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများပြုလုပ်နိုင်ရန် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း ယူကေအစိုးရပြောကြား

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ဇွန်လတို့တွင် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး  Mr. Tariq Mahmood Ahmad က မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ယူကေအစိုးရ၏ ဆောင်ရွက်နေမှုများအား မေးမြန်းသည့် မေးခွန်းများအပေါ် ဖြေကြားခဲ့သည်။

ယူကေအစိုးရအနေဖြင့် စစ်တပ်ခေါင်းဆောင်များ၊ ဝင်ငွေရလုပ်ငန်းများ၊ လက်နက်နှင့် စစ်ပစ္စည်းများအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပစ်မှတ်ထားချမှတ်နိုင်ရန် အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် လက်တွဲလုပ်ဆောင်လျက်ရှိကြောင်း၊ ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း၌ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ များပြားလာခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြင့်လာခြင်းနှင့် အထူးသဖြင့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှု ကြီးမားလာခြင်းများအပေါ် စိုးရိမ်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆိုးရွား‌သည့် အခြေအနေများအပေါ် တုံ့ပြန်သည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်နိုင်ရန် ဖော်ပြပါ နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမဟာမိတ်များနှင့် မည်သို့သော ဗျူဟာကျသည့် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ အထက်လွှတ်တော်အမတ် Hon. Mr. Marquess ၏ စာဖြင့် ရေးသားမေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ဖော်ပြထားသည်။

ထို့အပြင် အာဆီယံဘုံသဘောတူညီချက်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဆောင်ရန်နှင့် အကြောင်းပြချက်မရှိ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုချက်များပါဝင်သည့် ကုသလမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ယူကေနိုင်ငံက ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ ၎င်းဖြေကြားချက်မူရင်းကို https://questions-statements.parliament.uk/written-questions/detail/2023-05-17/hl7911 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ထို့အပြင် အထက်လွှတ်တော်အမတ် Mr. David Alton ၏ မေးမြန်းချက်အပေါ် “မြန်မာနိုင်ငံတွင် ကျူးလွန်ထားသော ဆိုးရွားသည့် အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိရမည်ဆိုတာ ယူကေနိုင်ငံက ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ စစ်တပ်က ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချပါတယ်။ ဒီကိစ္စတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာစင်မြင့်မှာ ဆက်လက်ပြီး ထုတ်ဖော်ပြောကြားနေမှာ ဖြစ်ပါတယ်” လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖြေကြားခဲ့ပါသည်။

Mr. David Alton ၏ မေးခွန်းတွင် “အရပ်သားပြည်သူများအပေါ် ဆက်တိုက်တိုက်ခိုက်နေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန်၊ ရာဇဝတ်မှုများအတွက် တာဝန်ရှိသည့် စစ်တပ်အား တာဝန်ခံမှုရှိစေရန် ယူကေအစိုးရအနေဖြင့် နောက်ထပ်မည်သို့ ဆက်လက်ဆောင်ရွက်သွားမည်”ကို သိလိုကြောင်း ဖော်ပြထားသည်။ အထက်လွှတ်တော်အမတ်၏ မေးခွန်းနှင့် ယူကေအစိုးရ၏ ဖြေကြားချက်အား https://questions-statements.parliament.uk/written-questions/detail/2023-02-03/hl5386  တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ပြစ်မှုများအတွက် တာဝန်ခံမှုရှိစေရေးနှင့် အပြစ်ပေးအရေးယူနိုင်ရေး၊ စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေး၊ အရေးယူပိတ်ဆို့မှုများ၊ စစ်လက်နက်ရောင်းဝယ်မှု ပိတ်ပင် တားဆီးပေးရေး၊ မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးအပါအဝင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ကမ္ဘာ့နိုင်ငံများ၏ လက်တွေ့ကျသော ပံ့ပိုးကူညီမှုများရရှိနိုင်ရန် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top