၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်
၁။ အများပြည်သူယုံကြည်လက်ခံပြီး ပွင့်လင်းမြင်သာစွာ ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ယနေ့တွင် (၂) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇၁) ရာခိုင်နှုန်းကျော်က Covid-19 ကပ်ရောဂါ အန္တရာယ်ကြားမှပင် ဒီမိုကရေစီစံနှုန်းနှင့်အညီ တက်ကြွစွာ ဆန္ဒမဲပေးခဲ့ကြသည့်နည်းတူ ရွေးကောက်ပွဲရလဒ်အား ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက လွတ်လပ်၍ တရားမျှတမှု ရှိသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။
၂။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၁,၁၇၁) နေရာအနက် (၁,၁၁၇) နေရာအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၅,၆၃၉) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ အမှီအခိုကင်းသော သတင်းမီဒီယာများ၊ နိုင်ငံရေးပါတီ အသီးသီး၏ မဲရုံကိုယ်စားလှယ်များက ပွင့်လင်းမြင်သာမှုရှိစွာ စောင့်ကြည့်ခွင့်၊ သတင်းရယူခွင့် စသည့် အခွင့်အရေးများကိုလည်း အပြည့်အဝရရှိခဲ့ပါသည်။
၃။ ပြည်သူလူထုက ဒီမိုကရေစီ ခိုင်မာအားကောင်းလာစေရန် ပြင်းပြသော ၎င်းတို့၏ ဆန္ဒသဘောထားကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြသခဲ့သော်လည်း အကြမ်းဖက် သူပုန်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် ရွေးကောက်ပွဲရလဒ်အား မဲမသမာမှုအဖြစ် အထောက်အထားမဲ့ စွပ်စွဲ၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား လက်နက်အင်အား သုံးကာ ဥပဒေမဲ့ အာဏာသိမ်းပြီး နိုင်ငံတော်ပုန်ကန်မှု ပြစ်မှုအား ကျူးလွန်လုပ်ဆောင်ခဲ့သည်။
၄။ တိုင်းပြည်အာဏာအား လက်နက်အားကိုးဖြင့် လုယူထားသည့်အပြင် ပြည်သူက ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အပြစ်မဲ့ ပြည်သူ ထောင်ပေါင်းများစွာအား အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်းနှင့် လမ်းမများပေါ်တွင် ပစ်သတ်ခြင်း၊ ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးစေရန် အင်အားသုံး လုပ်ဆောင်ခြင်း၊ အမျိုးသမီးနှင့် ကလေး သူငယ်များအပါအဝင် လက်နက်မဲ့ အရပ်သားပြည်သူများကို လေကြောင်းအင်အားသုံး၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများကို နေ့စဥ်ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
၅။ အကြမ်းဖက်စစ်တပ်က ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ တာဝန်ခံရမှုနှင့် အပြစ်ပေးခံရမှုတို့မှ ကင်းလွတ်သွားစေရန် ရည်ရွယ်၍ အတုအယောင်ရွေးကောက်ပွဲကျင်းပကာ အာဏာသိမ်းမှု၏ ထွက်ပေါက် နည်းလမ်းတစ်ခုအဖြစ် နိုင်ငံတကာနှင့် ပြည်သူလူထုအား လှည့်ဖြားရန် ကြိုးပမ်းလျက်ရှိပါသည်။ တရားဥပဒေစိုးမိုးရေးနှင့် မြန်မာပြည်သူတို့၏ ဆန္ဒ သဘောထားကို လေးစားသောအားဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီများက အကြမ်းဖက်သူပုန်အဖွဲ့အစည်းဖြစ်သည့် တရားမဝင်စစ်ကောင်စီက စီစဥ်လျက်ရှိသည့် အတု အယောင် ရွေးကောက်ပွဲအပေါ် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် တားဆီးကန့်ကွက်သွားကြရန် အထူးအလေးအနက် တောင်းဆို တိုက်တွန်းအပ်ပါသည်။
၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဥပဒေချိုးဖောက်မှုများနှင့် လူမဆန်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသော စစ်တပ်ခေါင်းဆောင်များနှင့် ပူးပေါင်း ပါဝင်သူများကို ထိုက်တန်စွာ အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရရှိခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ လွတ်လပ်ခြင်း၊ တရားမျှတ ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့အား အာမခံချက်ပေးမည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အား အမြန်ဆုံးတည်ဆောက်သွားနိုင်ရေးအတွက် ပြည်သူလူထုအပါအဝင် ဒီမိုကရေစီ အင်အားစု များ၊ တိုင်းရင်းသားမိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ