မူလ / (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ ငလျင်ဘေးသင့်ပြည်သူများအား ထိထိရောက်ရောက်ကူညီနိုင်ရေး အရေးကြီးအဆိုတစ်ရပ် ဆွေးနွေးသွားရန်ရှိ

(၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၌ ငလျင်ဘေးသင့်ပြည်သူများအား ထိထိရောက်ရောက်ကူညီနိုင်ရေး အရေးကြီးအဆိုတစ်ရပ် ဆွေးနွေးသွားရန်ရှိ

၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့

ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ရောက်ရှိနေသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်လျက်ရှိပါသည်။ ညီလာခံဒုတိယနေ့နှင့် တတိယနေ့တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမှုဆောင်ကောင်စီအစည်းအဝေးများ၊ ညီလာခံ၏ General Debate အစီအစဉ်၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။

ထို့ပြင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်းကောင်း ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌတို့နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများအတွက် ထိရောက်သော နိုင်ငံတကာပံ့ပိုးကူညီမှုများရရှိစေရေးအတွက် အရေးကြီးအဆိုတစ်ရပ် (Emergency Item) ကို အိမ်နီချင်း ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က တင်သွင်းထားပြီး ညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ယင်းအရေးကြီးအဆိုအား ယခုညီလာခံ၌ ဆွေးနွေးအတည်ပြုနိုင်ရေးအတွက် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးကာ ကြိုးပမ်းလျက်ရှိပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်မှုသတင်းများအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။


The Committee Representing Pyidaungsu Hluttaw

Scroll to Top