မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅၂/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မှတ်တမ်းတင်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် Uwazi စနစ်သို့ ထည့်သွင်းနိုင်သည့်ဖြစ်စဉ် (၆၅၇) မှု၊ နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုင်နိုင်လောက်သည်အထိ ခိုင်မာသော အမှုပေါင်း (၁၈၆) မှု၊ နိုင်ငံတကာတရားရုံးများတွင် အရေးယူဆောင်ရွက်ရန် IIMM ထံ ပေးပို့မှု (၁၃၈)မှု၊ တော်လှန်ရေးအင်အားစုများ ကျူးလွန်သည့် အမှုပေါင်း (၂၉၅) မှုနှင့် အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းမှုပေါင်း (၅၆၄)မှု ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် နိုင်ငံတကာစည်းရုံးရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ နိုင်ငံတကာစည်းရုံးရေးနှင့် တရားစီရင်ရေးကဏ္ဍအနေဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် အစီရင်ခံစာ ဦးဆောင်တင်သွင်းခြင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (UJ) အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပဇီကြီးဖြစ်စဉ်နှင့်စပ်လျဉ်း၍ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်ခြင်းနှင့် (ILO) ညီလာခံတွင် Article 33 ဖြင့် အရေးယူမှု ဖြစ်ပေါ်လာစေရး ဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြခဲ့ပြီး သံတမန်ရေးရာဆောင်ရွက်ချက်များနှင့် အစီရင်ခံစာထုတ်ပြန်မှုအခြေအနေများ၊ တိုင်ကြားစာများ ဖြေရှင်းကိုင်တွယ်ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေး ပညာပေးသင်တန်းများနှင့် မြေပြင်သက်ရောက်မှု၊ ဘဏ္ဍာရေးနှင့် စာရင်းစစ်ဆေးခံခြင်းအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များ ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဖက်ဒရယ်ရေးရာကော်မတီက တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top