၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က အဖွင့်အမှာစကားပြောကြားကာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း က ဝန်ကြီးဌာနဖွဲ့စည်းပုံ၊ ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းစဉ်၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (Articles Federal Transitional Arrangements – AFTA) မူကြမ်းရေးဆွဲခြင်းလုပ်ငန်း၊ အလုပ်အဖွဲ့ အဖွဲ့ဝင်များဖွဲ့စည်းခြင်း၊ လက်ရှိအခြေအနေအထိ ဆွေးနွေးပြီးစီးမှုများ၊ AFTA ရေးဆွဲရေးလုပ်ငန်းစဉ်များကို ပုံမှန်အစီရင်ခံခြင်းနှင့် NUG ၏ သဘောထားရပ်တည်ချက်ကို ဖော်ထုတ်ခြင်း၊ AFTA မူကြမ်းရေးဆွဲရေးဆိုင်ရာ အဆိုပြုတင်ပြချက်များ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်၊ စစ်ကိုင်းဒေသနှင့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်း၊ မန္တလေးဒေသနှင့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်း၊ မကွေးဒေသနှင့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်း၊ ကရင်နီပြည် IEC နှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ဖက်ဒရယ်ယူနစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များ အာဏာခွဲဝေမှု၊ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA) ၏ ရည်ရွယ်ချက်များ စသည်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ နှင့် ဖက်ဒရယ်ရေးရာကော်မတီတို့က တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



