၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး၌ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရေး တောင်းဆိုတိုက်တွန်းချက်နှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အား တက်ရောက်လာကြသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး၏ သဘောတူညီချက်ဖြင့် ချမှတ်အတည်ပြုခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်အား ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးက ချမှတ် အတည်ပြုနိုင်ရန် စစ်ကိုင်းတိုင်း၊ ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၉) ဦးက အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ ထောက်ခံဆွေးနွေးခဲ့ကြသည်။
ဆုံးဖြတ်ချက်တွင် စစ်ကောင်စီထံ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားဆီးမှုများ ထိရောက်စွာ ပြုလုပ်ပေးရန်၊ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းများဖြစ်သည့် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းအပါအဝင် အခြားသော ဝင်ငွေရလုပ်ငန်းများအား ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ပြုလုပ်ပေးရန်၊ လူမျိုးတုန်း သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်တပ်မှတာဝန်ရှိသူများ၊ တရားမဝင်စစ်ကောင်စီအဖွဲ့ဝင် များ၊ ၎င်းတို့၏မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ရာဇဝတ်မှုများကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူများအပေါ် ထိရောက်ပြီး ပြင်းထန်သော ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ တိုးချဲ့ ပြုလုပ်ပေးရန်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးအကျဉ်းချ ထားသည့် အကျဉ်းသားအားလုံးကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုချက်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) ပါ ဆုံးဖြတ်ချက်များကို အမြန်ဆုံးလက်တွေ့ကျကျ ဖော်ဆောင်ပေးရန်အပါအဝင် စုစုပေါင်း တောင်းဆိုချက် (၁၃) ချက်ပါဝင်သည်။
“လွှတ်တော်ကဏ္ဍကနေ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး ပြည်သူ့ ကိုယ်စား ငြိမ်းချမ်းသော လွှတ်တော်ရဲ့ အဖြေရှာမှုပုံစံကို ချဲ့ထွင်စဉ်းစားပြီး ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်နိုင်သည်အထိ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးအပါအဝင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း သိအောင် သုံးသပ်တင်ပြဆွေးနွေးသွားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်ကို နိုင်ငံတကာ ပါလီမန်များအဖွဲ့၊ ဥရောပပါလီမန်၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များထံလည်း တိုက်ရိုက်ပေးပို့သွားမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်အတည်ပြုနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အပြီးတိုင်အဆုံးသတ် စေရေးနှင့် ပြည်သူလူထုအားလုံးက ရည်မှန်းကြိုးစားနေသည့် ဖက်ဒရယ်ဒီမိုကရေစီသစ် တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများတွင် နိုင်ငံတကာအသိုက်အဝန်းထံမှ ထိရောက်ပြီး လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ရရှိနိုင်ရန် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ သံတမန်ရေးနည်းလမ်း အရ ချဲ့ထွင်ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါသည်။
The Committee Representing Pyidaungsu Hluttaw









