မူလ / ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာဝင်းရွှေ၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၏ ဖြေကြားချက်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာဝင်းရွှေ၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၏ ဖြေကြားချက်

(၁၉-၁၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး (ဒုတိယနေ့) တွင် မေးမြန်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာဝင်းရွှေ၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၏ ဖြေကြားချက်
 
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
 
ဒေါက်တာဝင်းရွှေ (မဲဆန္ဒနယ်အမှတ်-၁၊ ပဲခူးတိုင်းဒေသကြီး)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ တက်ရောက်လာကြသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ ရိုရိုသေသေ နှုတ်ခွန်းဆက်သပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁)၊ ဖြူး/ကျောက်ကြီးမြို့နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းရွှေ ဖြစ်ပါတယ်။ 
 
လွှတ်တော်နာယကကြီးမှတစ်ဆင့် မေးမြန်းပေးစေချင်တာက ကျွန်တော်တို့နိုင်ငံမှာ Covid – 19 စဖြစ်ကတည်းက ယခုအချိန်ထိ ပညာသင်ကြားနိုင်သော အခွင့်အရေးတွေက တော်တော်များများ နည်းနေပါ တယ်။ ဒါကြောင့်မို့လို့ ၂၀၂၁ ခုနှစ်မှာ မတရားအာဏာသိမ်းမှုနောက်တွင် ပိုပြီးဆိုးလာတဲ့ ပညာရေးတွေအတွက် တိုင်းပြည်အတွက် ရင်လေးခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ လွတ်မြောက်နယ်မြေတွေ၊ စိုးမိုးနယ်မြေတွေမှာ မဖြစ်မနေ တိုင်းပြည်အတွက် အရေးကြီးတဲ့ပညာရေးကို မပျက်သွားအောင် ခဲရာခဲဆစ်နဲ့ ကျောင်းများကို ဖွင့်ပြီး ကျွန်တော်တို့တစ်တွေ ပညာစသင်တာကို လုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Volunteer များအပါအဝင် CDM ဆရာ၊ ဆရာမများဟာ ကြိုးကြိုးစားစား အခမဲ့သင်ပေးခဲ့ပါတယ်။ ကျေးရွာလူထုများအနေနဲ့ တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့ကြပေမယ့် ခဲရာခဲဆစ် ကူညီကြရတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ တစ်ထောင့်တစ်နေရာက ကူညီနိုင်လောက်အောင် Volunteer၊ CDM ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးနိုင်ဖို့ အစီအစဉ်များ ရှိပါသလား ခင်ဗျာ။ အခုလို CDM လုပ်ထားသော ကျောင်းသား၊ ကျောင်းသူများကို လာမယ့်အနာဂတ်မှာ မည်သို့မည်ပုံ ကုစားပေးနိုင်မလားဆိုတာကို လွှတ်တော်နာယကကြီးမှတစ်ဆင့် မေးမြန်းပေးစေချင်ပါတယ်။ အားလုံးကို လေးစားလျက်ပါခင်ဗျာ။
 
ဂျာထွယ်ပန် (ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)။ လေးစားအပ်တဲ့ ပြည်ထောင်စုလွှတ်တော် နာယက ကြီးနှင့် တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအားလုံး ကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ဂါရဝပြုပါတယ်။
 
ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းရွှေ မေးမြန်းထားတဲ့ မေးခွန်းများကို ကျွန်မတို့ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ထားတဲ့အတိုင်း ဖြေဆိုမည်ဖြစ်ပါတယ်။ ကျမ နာမည်ကတော့ ဂျာထွယ်ပန်ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအနေနဲ့ တာဝန်ယူထားတာ ဖြစ်ပါတယ်။
 
ပထမမေးခွန်းဖြစ်သည့် ကြားကာလပညာရေးမှာ သင်ကြားရေးဝန်ထမ်းအနေနဲ့ Volunteer နှင့် CDM ဆရာ၊ ဆရာမများကို ထောက်ပံ့ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းတာဖြစ်ပါတယ်၊ ပညာရေးကဏ္ဍက တော့ CDM တွေ အများဆုံးဖြစ်ပါတယ်။ အားလုံးပေါင်းလျှင် (၁၅၀,၀၀၀) လောက်ရှိပါတယ်။ ကြားကာလပညာ သင်ကြားရေးအစီအစဉ်တွေမှာ ပါဝင်တဲ့ CDM ဦးရေက (၂၀,၀၀၀) ကျော် ရှိပါတယ်။ Volunteers က (၄၀,၀၀၀) ကျော်၊ စုစုပေါင်း (၆၀,၀၀၀) သောင်းကျော် ရှိပါတယ်။ ထို (၆၀,၀၀၀) ကျော် သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ပေးရေးအစီအစဉ်များကတော့ အစိုးရအနေနဲ့ အခုချိန်တွင် အစိုးရဘတ်ဂျက် အနေနဲ့ အပြည့်အဝထောက်ပံ့နိုင်မှု မရှိပေမယ့် နည်းလမ်းမျိုးစုံနဲ့ ထောက်ပံ့နိုင်သည့် လမ်းကြောင်းတွေကို ရှာဖွေထောက်ပံ့ပေးနေတာ ရှိပါတယ်။ ငွေကြေးဖြင့် ထောက်ပံ့ပေးတာ ရှိပါတယ်။ မူဝါဒအားဖြင့် ကာကွယ် ထောက်ပံ့ပေးတာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထောက်ပံ့ပေးတာ ရှိပါတယ်။ သူတို့ရဲ့ Professional Development အတွက် ဆက်လက်ပြီး ပညာသင်ကြားနိုင်ဖို့၊ သူတို့ရဲ့ Professional အားဖြင့် ဆရာ အတတ် ပညာကို ပိုမိုရရှိဖို့ သင်တန်းပေးတာတွေကို တောက်လျှောက် လုပ်ဆောင်လျက်ရှိနေပါတယ်။ ကြားကာလ ပညာရေးအတွက် ရပ်ရွာအလိုက်၊ မြို့နယ်အလိုက် ထောက်ပံ့ပေးတာမျိုးတွေ ရှိပါတယ်။ မြို့နယ်အလိုက် ပ.အ.ဖ တွေကနေ ထောက်ပံ့ပေးတာမျိုးရှိသလို ဆရာ၊ ဆရာမများ စားဝတ်နေရေးအတွက် ဆန်၊ ဆီ၊ ဆား စသည်ဖြင့် ရပ်ရွာအလိုက် ထောက်ပံ့တာမျိုးတွေ ရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့ပေးနေတာကတော့ Urgent Needs လို့ ခေါ်တဲ့ အရေးပေါ်ထောက်ပံ့ရေး ဖြစ်ပါတယ်။ အခက်အခဲရှိလာတဲ့ CDM တွေအတွက် ထောက်ပံ့ ပေးသည့်အခါမှာ ကျွန်မတို့ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ သီးသန့် ဘတ်ဂျက်ချထား ပေးခြင်း မရှိပေမယ့် ပုံမှန်လစဉ်ဘတ်ဂျက်များ သတ်မှတ်ထားပြီး ရအောင် အလှူရှင်များကတစ်ဆင့် နိုင်ငံတကာ အဖွဲ့အစည်းများကတစ်ဆင့် ရှာဖွေပြီး CDM တွေအတွက် အရေးပေါ် ထောက်ပံ့ပေးနေတာ ရှိပါတယ်။ အစိုးရ၊ MoPFI ကနေ စီစဉ်ထားပေးတဲ့ နွေဦးထီကနေ CDM ဝန်ထမ်းများကို ထောက်ပံ့တဲ့အစီအစဉ်ကို ပညာရေးဝန်ကြီး ဌာနကတစ်ဆင့် ခွဲဝေထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနထဲမှာလည်း CDM Committee ဆိုသည့် သီးသန့်ဌာနခွဲတစ်ခုရှိပါတယ်။ အဲဒီဌာနကနေ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်တဲ့ CDM Success Committee နဲ့ ပူးပေါင်းဆောင်ရွက်ပြီး CDM အရေးကို နေ့တိုင်းဆောင်ရွက်ပေးနေတဲ့ ကော်မတီများ ရှိပါတယ်။ CDM အရေးကို ထောက်ပံ့ဆောင်ရွက်တာမျိုး တောက်လျှောက် လုပ်ဆောင်ပါတယ်။ အရင်က CRPH အနေနဲ့ AhluShin Application ကနေ CDM တွေကို ထောက်ပံ့မှုကို ကျွန်မတို့နှင့် ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလည်း ရှိပါတယ်။ သင်တန်းအနေနဲ့ ထောက်ပံ့တဲ့အရာတွေကိုတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အဓိက အထူး အလေးထားလုပ်ဆောင်နေပြီး ပညာရေးဝန်ကြီးဌာနမှာရှိတဲ့ ပညာရေးပညာရှင်တွေ၏ လုပ်အားအနေနဲ့ CDM၊ Volunteer ဆရာ၊ ဆရာမတွေကို သင်တန်းပေးခြင်းကတော့ အဓိက တောက်လျှောက် လုပ်ဆောင်နေတဲ့၊ အင်အားထည့်ပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။ ဆရာအတတ်သင်ပညာ တက္ကသိုလ်တွေ အနေနဲ့လည်း ဘွဲ့ရနှင့် ဒီပလိုမာသင်တန်းတွေ တောက်လျှောက်ဖွင့်လှစ်နေပါတယ်။ မြေပြင်မှာရော အွန်လိုင်း တွင်ပါ ဖွင့်ထားပါတယ်။ အဲဒီကျောင်းတွေမှာ Volunteer တွေနှင့် CDM တွေကို ဦးစားပေးပြီး သင်ကြားပေး နေတာဖြစ်ပါတယ်။ UOT တို့၊ SUM တို့လို ဆရာအတတ်သင်ပညာကို သင်ကြားပေးသည့် တက္ကသိုလ်များ အနေနဲ့ အဲဒီကျောင်းတွေမှာ Volunteer နှင့် CDM တွေကို ဦးစားပေး သင်ကြားပေးတယ်။ မြေပြင်မှာဆိုရင် ပညာရေးဘုတ်အဖွဲ့တွေက Volunteer ဆရာ၊ ဆရာမတွေ ဆရာအတတ်ပညာ သင်ကြားပေးနိုင်ဖို့ ကူညီပေးတာ တွေရှိတယ်။ မြေပြင်သင်တန်း တက်နိုင်ဖို့ ဆောင်ရွက်ပေးတာတွေ ရှိတယ်။ Online ကနေ သင်တန်းတက်နိုင် ဖို့ ဆောင်ရွက်ပေးတာမျိုးတွေ၊ လုပ်ဆောင်ပေးတာမျိုးတွေ ရှိပါတယ်။ နောက်ပြီး Basic Education အခြေခံ ပညာကဏ္ဍတွေမှာလည်း Human Resources Development ဌာနခွဲရှိပြီး ပညာရေး Volunteer နှင့် CDM တွေ အတွက် တောက်လျှောက် သင်တန်းတွေ ပေးလျက်ရှိပါတယ်။ သင်တန်းအမျိုးအစားပေါင်း (၅၀)၊ (၆၀) ကို သင်တန်းပေးတယ်။ မြေပြင်မှာရော၊  Online မှာရော သင်တန်းတွေ တောက်လျှောက် ဆောင်ရွက်နေပါတယ်။ 
 
နောက်တစ်ခုက ပြည်ထောင်စုအခွန်ကနေ ပညာရေးဝန်ကြီးဌာနကို ထောက်ပံ့ပေးတဲ့ ပြည်ထောင် စုက စီမံခန့်ခွဲခွင့်ရတဲ့ အရေးပေါ်အခွန် ၁၀ ရာခိုင်နှုန်းထဲကနေ ပညာရေးဝန်ကြီးဌာနအနေဖြင့် Volunteer နှင့် CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒါကတော့ အခွန်ရရှိသည့်မြို့နယ်တွေအတွက် ခွဲဝေ ထောက်ပံ့ပေးတာဖြစ်ပြီး အခုချိန်ထိ သိန်းပေါင်း (၂၇,၄၇၆) သိန်းကျော် ထောက်ပံ့ပေးပြီးဖြစ်ပါတယ်။ ဒါကတော့ CDM နဲ့ Volunteer ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ 
 
နံပါတ် (၂) မေးခွန်းဖြစ်တဲ့ CDM ကျောင်းသူ၊ ကျောင်းသားများအတွက် အနာဂတ် အာမခံချက်နှင့် ပတ်သက်၍ ပထမဦးဆုံးကတော့ ပညာရပ်ပိုင်းဆိုင်ရာ အာမခံချက်ဖြစ်ပါတယ်။ အခြေခံပညာကဏ္ဍမှာတော့ ကျောင်းတက်ဖို့ လွတ်သွားတဲ့ကလေးတွေရှိပါတယ်။ အသက်ကကြီးသွားပြီး အတန်းကငယ်နေတာမျိုး ဖြစ်ပါ တယ်။ ဒီလိုမျိုးမဖြစ်အောင် ကျွန်မတို့ ၂၀၂၁ ကနေစပြီး အသက်နဲ့လျော်ညီတဲ့အတန်းထားဖို့ မူဝါဒချမှတ်ပြီး ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် အသက်နဲ့လျော်ညီတဲ့ အတန်းအလိုက် ရှိရမယ့် စွမ်းရည်တွေကိုလည်း သတ်မှတ် ပေးခဲ့တယ်။ အဲဒီစွမ်းရည်တွေရှိဖို့အတွက်လည်း ဆရာ၊ ဆရာမတွေ အထူးဖြည့်စွက်သင်ကြားပေးတဲ့စနစ် (Accelerated Learning) နဲ့ သင်ကြားပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၁ ကနေစတင်ပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ တချို့ရပ်နားသွားတဲ့ကလေးတွေက အခုဆိုရင် ပြန်တောင်ပြည့်မီသွားကြပြီဖြစ်တယ်။ ပုံမှန်စာသင်နှစ်တွေကို ပြန်လည်တက်ရောက်နေနိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ မြို့နယ်တော်တော်များများမှာ စပြီးလုပ်နေ ကြပြီ၊ ရှိနေကြပြီဖြစ်ပါတယ်။ ဒီဟာတွေကို ဖက်ဒရယ်ယူနစ်တွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ ဖက်ဒရယ် ယူနစ်အစိုးရက ကျောင်းသူ၊ ကျောင်းသားတွေအတွက် အနာဂတ်အာမံချက်နှင့်ပတ်သက်ပြီး ဆက်လက်ပြီး အာမခံရမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ နောက်လိုအပ်တဲ့ နည်းပညာအထောက်အကူ (Technical Assistance) တွေ၊ နောက်လိုအပ်တဲ့ သင်တန်းပေးတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ ပေးဖို့အတွက် အဆင်သင့်ရှိနေပါတယ်။ 
 
နောက်တစ်ခုက CDM ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခွင့်အလမ်းကို ဖော်ထုတ်ပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲလည်း လုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲရဲ့ ဖော်ထုတ်ထားမှုတွေကို ကျွန်မတို့က တချို့ အကောင်အထည်ဖော်နေတာတွေရှိသလို အကောင်အထည်မဖော်နိုင်သေးတာတွေလည်း ရှိပါတယ်။ အဲဒါတွေ ကို ဆက်လက်အကောင်အထည်ဖော်ဖို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီဆွေးနွေးပွဲရဲ့ CDM ကျောင်းသူ၊ ကျောင်းသားတွေအတွက် လုပ်ဆောင်ဖို့လိုအပ်တာတွေကတော့ CDM ကျောင်းသူ၊ ကျောင်းသားတွေကို ပိုပြီး‌ တော့ ပညာသင်ကြားဖို့ အခွင့်အလမ်း ဖန်တီးပေးဖို့အတွက် သက်ဆိုင်ရာ ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်း သိပ္ပံတွေက ဆက်လက်ပြီး ဖော်ထုတ်ဆောင်ရွက်သွားပေးဖို့ ကျွန်မတို့ ဆွေးနွေးထားခဲ့တာတွေရှိပါတယ်။ ပညာသင်ဆုပေးတဲ့နေရာမှာလည်း CDM ကျောင်းသူ၊ ကျောင်းသားတွေကို ဦးစားပေးပြီးပေးဖို့အတွက် ဖြစ်ပါ တယ်။ CDM ကျောင်းသူ၊ ကျောင်းသားလို့ ဆိုတဲ့နေရာမှာ တပ်ရင်းတပ်ဖွဲ့တွေထဲမှာ ရောက်နေတဲ့ PDF တွေ၊ တော်လှန်ရေးနေရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေလည်း အများကြီးပဲ ရှိပါတယ်။ သူတို့ အတွက်လည်း ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတွေကိုလည်း တောက်လျှောက် စဉ်းစား ဆွေးနွေး ကြိုးစားဖော်ထုတ်လျက်ရှိပါတယ်။ 
 
အဆင့်မြင့်ပညာကဏ္ဍမှာတော့ တက္ကသိုလ်အသီးသီးမှာ PDF အဖြစ် လုပ်ဆောင်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ တပ်ရင်းတပ်ဖွဲ့တွေထဲမှာ ရောက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကျောင်း ပြန်တက်တဲ့အချိန်မှာ မိမိတို့ဝါသနာပါတဲ့ ဘာသာရပ်တွေ၊ တက္ကသိုလ်တွေကို ပြောင်းလဲလျှောက်ထားခွင့်ကို အထူးအခွင့်အရေးအနေနဲ့ စီစဉ်ထားပေးတာတွေရှိတယ်။ အခြေခံပညာကဏ္ဍမှာတော့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ MoD နဲ့ ပူးပေါင်းပြီး အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲ (BEC) ဖြေဆိုခွင့်ကို သာမန်ကျောင်းသူ၊ ကျောင်းသား တွေကို မပေးတဲ့ ဦးစားပေးလုပ်ဆောင်ပေးမှုတွေ ဆောင်ရွက်ပေးပါတယ်။ စာမေးပွဲကတော့ ကိုယ့်ဘာသာ ဖြေရမှာ ဖြစ်ပါတယ်။ ၎င်းတို့အချိန်စာရင်းအလိုက် ချိန်ညှိပြီး ဆောင်ရွက်ပေးမှုတွေ၊ သူတို့ Registration နာမည်စာရင်းတင်သွင်းမှုအချိန်တွေကို အများကြီး ကန့်သတ်ချက် ဖြေလျှော့ထားတာတွေ စသည်ဖြင့် လုပ်ဆောင် ပေးပါတယ်။  နောက်ပြီး သီးသန့်တပ်ရင်းတပ်ဖွဲ့တွေက BEC ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဆရာ၊ ဆရာမတွေက သင်တန်းပို့ချခြင်းအစီအစဉ်တွေကိုလည်း လုပ်ဆောင်နေပါတယ်။ ဒါကတော့ အခြေခံ ပညာရေးဘက်ကနေ လုပ်ဆောင်ထားမှုတွေ ဖြစ်ပါတယ်။ 
 
နောက်တစ်ခုက သက်မွေးပညာကဏ္ဍအနေနဲ့လည်း လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ On Job Training ရှိတယ်။ နောက်ပြီးတော့ Short Courses တွေကတော့ တောက်လျှောက် ရှိပါတယ်။ Vocational  Short Courses တွေကို တပ်ရင်းတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ပေးနေတာတွေရှိပါတယ်။ နောက်ပြီး Formal Courses တွေလည်း အခုဆိုလို့ရှိရင် သင်ယူလို့ရနေပါပြီ။ GTI/GTHS Formal Courses တွေကိုလည်း သက်မွေးပညာကဏ္ဍကနေ ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီး သက်မွေးပညာကဏ္ဍအနေနဲ့လည်း နိုင်ငံ တကာနဲ့ပူးပေါင်းပြီးမှ အလုပ်အကိုင်ရရှိရေးတွေကို အထူးဦးစားပေးပြီးမှ အထူးဆောင်ရွက်နေတာတွေ ရှိပါ တယ်။ မြေပြင်တော်လှန်ရေး လွတ်မြောက်နယ်မြေတွေမှာလည်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ သက်မွေး ကဏ္ဍကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အလွန်အားပေးတဲ့၊ သူကိုယ်တိုင် လည်း အများကြီးလုပ်ဆောင်ခဲ့တဲ့ကဏ္ဍဖြစ်တဲ့အလျောက် ကျွန်မတို့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း သက်မွေးပညာကဏ္ဍကို အထူးအလေးပေးပြီး လုပ်ဆောင်လျက်ရှိပါတယ်။ ဆက်လက်ပြီး လုပ်ဆောင်ဖို့အတွက် လည်း အစီအစဉ်တွေ ချမှတ်ထားတာရှိပါတယ်။ 
 
ဒါကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်းတွေအပေါ်မှာ ကျွန်မတို့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဖြေကြားချက်ဖြစ်ပါတယ်။ ဆက်လက်ပြီး သိလိုတာရှိရင်လည်း Follow-up မေးမြန်းပေးပါ။ ကျေးဇူးတင်ပါတယ်။ 
Scroll to Top