(၁၉-၁၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး (ဒုတိယနေ့) တွင် မေးမြန်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ ဒေါက်တာငိုင်းတမ်မောင်း၏ ဖြေကြားချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်
ဒေါ်နီနီဒွန်း(ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး)။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် ပြည်တွင်း ပြည်ပဧည့်သည်တော်များရှင့်။ ကျွန်မကတော့ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူတွေ မဲပေးရွေးကောက်ခြင်းခံခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်း ဖြစ်ပါတယ်။
ကျွန်မ ဒီမေးခွန်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီကိုယ်စား မေးမြန်းပေးမှာဖြစ်ပါတယ်၊ မေးမြန်းလိုတဲ့ မေးခွန်းအကြောင်းအရာကတော့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီ အား ILO Article 33 ဖြင့် အရေးယူမှုလုပ်ငန်းစဉ်ကို ထိရောက်၍ ပိုမိုအားကောင်းလာစေရေးအတွက် မည်ကဲ့ သို့ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို နာယကကြီးမှတစ်ဆင့် မေးမြန်းသွားမှာ ဖြစ်ပါတယ်။
မေးမြန်းရတဲ့ အကြောင်းအရာကတော့ အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများရဲ့ ဒီမိုကရေစီ အခွင့် အရေး၊ လူ့အခွင့်အရေးများနှင့် အလုပ်သမားအခွင့်အရေးများအပါအဝင် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ဆိုင်ရာပြဋ္ဌာန်းချက် (၈၇) နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် (၂၉) တို့ကို ကျူးလွန်ချိုးဖောက်မှုများ ပြုလုပ်နေခြင်းကြောင့် ILO ရဲ့ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံအစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စုအား ILO Article 33 ဖြင့် ဒဏ်ခတ်အရေးယူကြောင်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပါတယ်။
Article 33 ဒဏ်ခတ်အရေးယူမှု ဆုံးဖြတ်ချက်တွင် စစ်ကောင်စီအား ထိရောက်သော အရေးယူမှု ရှိစေရန်၊ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ပြည်သူ့အခွင့်အရေးများအတွက် စစ်ကောင်စီနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ် ရန်၊ ပြည်သူများအပေါ် အခြေခံအခွင့်အရေး ချိုးဖောက်မှုနှင့် ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမယ့် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်းမှုများမပြုလုပ်ရန်၊ စစ်အုပ်စုအပေါ် တိုက်ရိုက် ပစ်မှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ပါဝင်ပါတယ်။
သို့ရာတွင် စစ်ကောင်စီသည် ဒီဇင်ဘာလတွင် အတုအယောင်ရွေးကောက်ပွဲအား ပြုလုပ်ရန် ပြင်ဆင် နေကာ ရွေးကောက်ပွဲအား ဝေဖန်ဆန့်ကျင်တဲ့ ပြည်သူများကို ဖမ်းဆီးအရေးယူထောင်ချနေမှုများ၊ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်၍ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် ပြည်သူများ၏ အခွင့်အရေး၊ လွတ်လပ် ခွင့်များစွာ ဆုံးရှုံးနေရခြင်းအပြင် နေ့စဉ်နှင့်အမျှ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ဆက်လက်ကျူးလွန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ယခုအချိန်မှာ စစ်ကောင်စီ အား article 33 ဖြင့် အရေးယူမှုကို ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အထူးလိုအပ် လျက်ရှိနေပြီး စစ်အုပ်စုထံသို့ ငွေကြေးစီးဆင်းမှု၊ လေယာဉ်ဆီ၊ စစ်လက်နက် ပစ္စည်းတင်သွင်းမှု ဖြတ်တောက် ရန် စတဲ့ ပိတ်ဆို့အရေးယူမှုများ ထိရောက်စွာ လုပ်ဆောင်ရန်လည်း လိုအပ်လျက်ရှိပါကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။
သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီအား Article 33 ဖြင့် အရေးယူရေးလုပ်ငန်းစဉ်ကို ထိရောက်၍ ပိုမိုအားကောင်းလာစေရေး မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုပါသဖြင့် ပြည်ထောင်စုလွှတ်တော် နာယကကြီးမှတစ်ဆင့် မေးမြန်းရခြင်း ဖြစ်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာငိုင်းတမ်မောင်း (ပြည်ထောင်စုဒုတိယဝန်ကြီး၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန)။ လေးစားအပ်ပါသော နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် အဋ္ဌမ အကြိမ် အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား တဲ့ ဧည့်သည်တော်များခင်ဗျာ။ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်းရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထား ရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီအား Article 33 ဖြင့် အရေးယူရေးလုပ်ငန်းစဉ်ကို ထိရောက်၍ ပိုမို အားကောင်းလာစေရေး မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းကို လူမှုကူညီရေး၊ အလုပ် သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကျွန်တော် ဒေါက်တာ ငိုင်းတမ်မောင်း က ဖြေကြားသွားမှာ ဖြစ်ပါတယ်။
ယခု ဖြေကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မတိုင်မီ ဆောင်ရွက်ချက်များသည် အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နောက်ပိုင်းတွင် မေးခွန်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းတာဝန်များကို လူမှုကူညီရေး၊ အလုပ် သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစွာ ရှင်းပြလိုပါတယ်။ ILO ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံအသိအမှတ် ပြုခြင်းအားဖြင့် NUG အား တရားဝင်အစိုးရအဖြစ် ILO မှ စတင်အသိအမှတ်ပြုမှုရရှိရေးနှင့် အခြေခံအခွင့်အရေး များ ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအား ILO Constitution နှင့်အညီ အပြစ်ပေး၊ အရေးယူရေး ဆိုသည့် ရည်မှန်းချက် (၂) ရပ် ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အကြမ်းဖက်စစ်အုပ်စုအား ILO Constitution Article 33 ဖြင့် အရေးယူရေးအတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့တဲ့ (၁၁၃) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ Article 33 Resolution ကို ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက် ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ Resolution ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ဆက်လက်ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ အကောင်အထည် ဖော်ရာမှာ ဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြမှု၊ လမ်းညွှန်မှုများ ခံယူပြီး (က) သံတမန်ရေး တိုက်တွန်းစည်းရုံးမှုနှင့် နိုင်ငံတကာလှုပ်ရှားမှုများ (Diplomatic Advocacy and Global Actions)၊ (ခ) စီးပွားရေး ဖိအားပေးမှုနှင့် ပိတ်ဆို့အရေးယူမှု (Economic Pressure and Sanctions)၊ (ဂ) အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်မှု (Fundamental Labor Rights Protection Measure)၊ (ဃ) စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်း (Monitoring and Reporting) စတဲ့ နည်းဗျူဟာ (၄) ရပ်နှင့် အသေးစိတ် လုပ်ငန်းစဉ် Action Plan များ ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ Article 33 Resolution အကောင်အထည်ဖော်ရေး နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များအရ (က) ဝန်ကြီးဌာနရေးဆွဲပြုစုထား တဲ့ Article Action Plan များနှင့် CRPH အလုပ်သမားရေးရာကော်မတီအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂများနှင့် ဖိတ်ဖက်အဖွဲ့အစည်းထံ ရှင်းလင်းချပြ၍ ပိုမိုပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်းခြင်း၊ (ခ) ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း နယ်သာလန်နိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး၊ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံး သံအမတ်ကြီး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ EU ကိုယ်စားလှယ်တို့နှင့် online ဖြင့်လည်းကောင်း၊ in person တွေ့ဆုံ၍လည်းကောင်း တွေ့ဆုံဆွေးနွေးပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် Article 33 အကောင်အထည်ဖော်ရေးအတွက် တွန်းအားပေး တိုက် တွန်းခဲ့ပါတယ်။ (ဂ) IUF အပါအဝင် Global Union များနှင့် တွေ့ဆုံ၍ Article 33 အကောင်အထည် ဖော်ရာ တွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာရပ်များ အကူအညီများရရှိရေးအတွက် ဆောင်ရွက် ခဲ့ပါတယ်။ (ဃ) အကြမ်းဖက်စစ်အုပ်စုက Article 33 Resolution ကို မထီမဲ့မြင်ပြု၍ အခြေခံအလုပ်သမား အခွင့်အရေးများချိုးဖောက်မှု (၇၂) မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု (၅၅) မှုနှင့် အဓမ္မစစ်သားစုဆောင်းခံရသူ (၁၀၅) ဦးတို့၏ ချိုးဖောက်ခံရမှုတို့ကို အချက်အလက်များ စုစည်းပြုစုပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပ တဲ့ (၃၅၃) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမတိုင်မီမှာ ပေးပို့ခဲ့တာလည်း ရှိပါတယ်။ ILO အဖွဲ့ဝင် နိုင်ငံများအနေနဲ့ စစ်အုပ်စုနှင့်ရှိနေတဲ့ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ပြန်လည်သုံးသပ်ရန်နှင့် ရပ်ဆိုင်းရန်၊ ချမှတ်ထားတဲ့ Resolution အကောင်အထည်ဖော်ရေးအတွက် ILO အနေဖြင့် Complaint and Independent Monitoring Mechanism တစ်ခု ထူထောင်ပြီး စစ်အုပ်စု၏ ချိုးဖောက်မှုများ၊ အဖွဲ့ဝင်နိုင်ငံများ ၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုများကို စနစ်တကျ စောင့်ကြည့်ရန်၊ ILO အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ Special Reporter Envoy တစ်ဦး ခန့်အပ်တာဝန်ပေးပြီး ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်၊ မြန်မာ အလုပ်သမားများနှင့် သမဂ္ဂခေါင်းဆောင်များကို ကာကွယ်စောင့်ရှောက်ပေးရန်၊ ILO အနေဖြင့် Article 33 အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုပြီး COI Recommendations နှင့် Article 33 Resolution အကောင်အထည်ဖော်ရေးနှင့် အခြေခံအလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်မှု မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်၊ စတဲ့ အချက်များပါသည့် တိုက်တွန်းတောင်းဆို စာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပတဲ့ (၃၅၃) ကြိမ်မြောက် ILO အုပ်ချုပ်မှု အဖွဲ့အစည်း အစည်းအဝေး ထံ ပေးပို့ခြင်း စသည့် အကောင်အထည်ဖော်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ Article 33 Resolution ကို လက်နက်အဖြစ် အသုံးပြုပြီး အဆင့်လိုက် ကြိုးပမ်းအားထုတ်မှု၏ ရလဒ်အနေဖြင့် ILO အဖွဲ့ဝင်နိုင်ငံအချို့၊ အထူးသဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်စစ်အုပ်စုနှင့် သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခြင်း၊ အဆင့်လျှော့ချခြင်းတို့ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် ILO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က စတင်ဦးဆောင်ပြီး မြန်မာစစ်တပ်ထံ ငွေကြေးစီးဆင်းမှုနှင့် လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်းများ တင်ပို့မှုများ တားဆီးရေး၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဘဏ္ဍာရေးထောက်ပံ့မှုများ မပြုရေးတို့ကို ဆွေးနွေးလျက်ရှိကြောင်း တွေ့ရှိရပါတယ်။
သဘာပတိကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ ခင်ဗျာ။ ယခုအခါ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား Article 33 နှင့်အညီ ပိုမိုထိရောက်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရေးအတွက် ချမှတ်ထားတဲ့ နည်းဗျူဟာနှင့် အကောင်အဖော်မည့်လုပ်ငန်းစဉ်များအရ အကြမ်းဖက်စစ်အုပ်စု၏ အခွင့်အရေး ဆက်လက်ချိုးဖောက်နေသည့် အချက်အလက်များ စုဆောင်းခြင်း၊ NUG လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက အသက်မပြည့်သေးသူများ အား စစ်ဘက်ဆိုင်ရာကိစ္စရပ်များ အသုံးမပြုရေး၊ မစုဆောင်းရေး၊ အဓမ္မ အလုပ်ခိုင်းစေမှု မပြုရေးတို့ကို မူဝါဒနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်နိုင်ရေး၊ အသိအမြင်မြှင့်တင်ရေးဟောပြောပွဲများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည်တို့ကိုလည်း ဆက်လက်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ILO အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။


