ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး (ဒုတိယနေ့) အား ယနေ့ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇၅) ဦး တက်ရောက်ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၆၁.၆၂) ရာခိုင်နှုန်း တက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးအား (၂) ရက်ဆက်တိုက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။
ပထမဦးစွာ အစည်းအဝေး (ပထမနေ့) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းခဲ့သည့် “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” အဆိုအား ကယား/ကရင်နီပြည်နယ်၊ မယ်စဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စီစီသက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်တို့က ထောက်ခံဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်နီက ၎င်းအဆိုနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အဆိုရှင်ဖြစ်သည့် မွန်ပြည်နယ်၊ ဘီလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက အဆိုနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖြေကြားချက်အပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ကန့်ကွက်မည့်သူ မရှိသောကြောင့် အတည်ပြုမှတ်တမ်းတင်ခဲ့သည်။
ထို့နောက် ပထမမေးခွန်းအနေဖြင့် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၏ “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ ခွဲဝေချထားပေးရာတွင် ဘဏ္ဍာရေးနှစ် (၃) နှစ်ပေါင်း ရန်ပုံငွေစုစုပေါင်း မည်မျှရှိခဲ့သည်ကိုလည်းကောင်း၊ ရသုံးငွေစာရင်းများကို စနစ်တကျ ပြုစုထားရှိခြင်း ရှိ၊ မရှိနှင့် ထိုငွေစာရင်းများကို မည်သည့် အဖွဲ့အစည်းသို့ မည်သည့်အချိန် တင်ပြခဲ့သည်ကိုလည်းကောင်း၊ ပိုလျှံရန်ပုံငွေများကို MOPFI သို့ ပြန်လည်အပ်နှံခြင်းရှိ၊ မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဖြေကြားခဲ့သည်။
ဒုတိယမေးခွန်းဖြစ်သည့် ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းထွေး၏ “နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့်လူငယ်များအတွက် တော်လှန်ရေးကာလအလွန် အနာဂတ် ဘဝအာမခံချက်ရရှိနိုင်ရေး အစီအမံတစ်ရပ် ချမှတ်ရေးဆွဲထားခြင်း ရှိ၊ မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ဖြေကြားခဲ့သည်။
တတိယမေးခွန်းဖြစ်သည့် ရှမ်းပြည်နယ်၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်၏ “လက်ရှိတော်လှန်ရေးကာလအတွင်း အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် ဖက်ဒရယ်အခြေခံမူများကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်းဆောင်ရွက်ချက်များ၊ သဘောတူညီချက်များ ရှိပါသလားနှင့် လက်ရှိနိုင်ငံရေးအခြေအနေသည် အရှိန်အဟုန်နှင့်အမျှ ရွေ့လျားပြောင်းလဲလျက်ရှိနေသည့်အတွက် အသွင်ကူးပြောင်းရေးကာလကို အချိန်မရွေး ရောက်ရှိသွားနိုင်သောကြောင့် ပြည်သူများနှင့် နိုင်ငံတကာမှ အထူးမျှော်လင့်နေသည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် မည်သို့မည်ပုံ ပြင်ဆင်ဆောင်ရွက်ထားရှိသည်ကိုသိရှိလိုကြောင်း” နှင့်စပ်လျဉ်းသည့် မေးခွန်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ဖြေကြားပေးခဲ့သည်။
နောက်ဆုံးမေးခွန်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ “အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများတွင် တာဝန်ပေးခန့်အပ်ထားသော တာဝန်ရှိသူအဆင့်ဆင့်များအား မည်ကဲ့သို့ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့် ခန့်အပ်တာဝန်ပေးအပ်ထားသည်ကို သိရှိလိုကြောင်း” နှင့်စပ်လျဉ်းသည့် မေးခွန်းကို အမျိုးသားညီညွတ်ရေးအစိုးရအား ကိုယ်စားပြု၍ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြားခဲ့သည်။
အဆိုပါမေးခွန်းများအား သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် လွှတ်တော်က မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်များပြီးသည့်နောက်တွင် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါ်မြတ်သီတာထွန်းက ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက် (မူကြမ်း) ကို ဖတ်ကြားတင်သွင်းခဲ့ပြီး နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုကြောင်း ကြေညာခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိဂုံးချုပ်စကားပြောကြားပြီး ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာကာ အစည်းအဝေးအား နေ့လယ် ၁၂:၂၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။
The Committee Representing Pyidaungsu Hluttaw





















