၁၉-၇-၂၀၂၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ကြီးမှူးကျင်းပသည့် “(၇၆) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား” ကို ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင် ဦးနန္ဒာစစ်အောင် (Myanmar Labour Alliance) တို့က အဖွဲ့အစည်းများကိုယ်စား အောက်မေ့ဖွယ်အမှတ်တရစကား အသီးသီးပြောကြားခဲ့သည်။ ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အမှတ်တရစကားပြောကြားသည့် အစီအစဉ်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်ဖြစ်သော Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ မိသားစုဝင်ဖြစ်သော ဦးမြတ်ထူးရာဇတ်တို့၏ အောက်မေ့ဖွယ် အမှတ်တရစကား ဗီဒီယိုများအား ပြသခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ မိသားစုဝင်ဖြစ်သော ဒေါက်တာစိန်ဝင်းက အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ဦးနေလင်းအောင်၊ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) မှ ဒေါ်ခင်ကျော့ဖြူနှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်တို့က အောက်မေ့ဖွယ် အမှတ်တရစကားများ ပြောကြားခဲ့ကာ ၁၀:၃၇ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ကာ ကျဆုံးသွားခဲ့ကြသော သူရဲကောင်းများနှင့် နွေဦးတော်လှန်ရေးအတွင်း အသက်စွန့်သွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား (၁) မိနစ် ငြိမ်သက်အလေးပြုခဲ့ကြသည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဒေသများရှိ PDF တပ်ရင်း/တပ်ဖွဲ့များ၏ အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုသည့် ဗီဒီယိုများအား ပြသခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က အောက်မေ့သတိရသည့် သဝဏ်လွှာ ဖတ်ကြားခဲ့ကာ အဖွဲ့အစည်းအသီးသီးက ပေးပို့သည့် သဝဏ်လွှာများအား မှတ်တမ်းတင်ခြင်းနှင့် အာဇာနည်နေ့ အမှတ်တရ မှတ်တမ်းဗီဒီယိုအား ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းအနားကို ၁၁:၁၁ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
(၇၆) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံရုံး၊ ကိုယ်စားလှယ်ရုံး၊ အဖွဲ့အစည်းများမှ သံတမန်များ၊ ပြည်တွင်း/ပြည်ပ အခြေစိုက် အဖွဲ့အစည်းများ အသီးသီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw












