၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်
၁။ ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်ပြည်နယ်အတွက် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့ထိ ဖာပွန်မြို့တွင်ကျင်းပသော ကော်သူးလေပြည်လုံးဆိုင်ရာကွန်ဂရက်က ကရင်ပြည်နယ်ရရှိရေး အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် နေ့ရက်အား ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်လျက် အထိမ်းအမှတ်ပြုကျင်းပခဲ့သည်မှာ (၇၅) နှစ်ပြည့် စိန်ရတုနှစ်တိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း ဦးစွာဖော်ပြအပ်ပါသည်။
၂။ ကရင်လူမျိုးများသည် နှစ်ပေါင်းများစွာကြာ အာဏာရှင်အဆက်ဆက်အား တွန်းလှန်ခုခံ ခဲ့ကြသည်မှာ သမိုင်းဝင်မှတ်တမ်းဖြစ်သည်သာမက လက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်ခံရမှု အများဆုံးပြည်နယ်ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် စစ်ဘေးရှောင် ပြည်သူများသည် ဘေးဒုက္ခများ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ နေကြရပါသည်။ သို့ရာတွင် ကရင်တမျိုးသားလုံး၏ ဇာတိသွေး၊ ဇာတိမာန်နှင့် ရဲရဲတောက် စိတ်ဓာတ်တို့ဖြင့် စည်းလုံးညီညွတ်မှုအင်အားသည် အခက်အခဲမှန်သမျှကို အောင်မြင်စွာ ကျော်လွှားသွားနိုင်သည်မှာ ပကတိအရှိတရားပင်ဖြစ်ပါသည်။ ယခုတော်လှန်ရေးကာလ နှစ်နှစ် အတွင်း၌ ကရင်တိုင်းရင်းသားများအနေဖြင့် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများနှင့် အတူ လက်တွဲညီညီ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက် ကူညီပေးမှုများအပေါ် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
၃။ ကရင်သွေးချင်းမောင်နှမများနှင့်အတူ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အနာဂတ် ကာလတွင် စစ်အာဏာရှင်စနစ်ဆိုးများအပြီးတိုင် ချုပ်ငြိမ်းကွယ်ပျောက်၍ လောကပါလတရား များထွန်းကားလျက် ဒီမိုကရေစီစံနှုန်းများပြည့်ဝပြီး ငြိမ်းချမ်းစည်ပင်ဝပြောသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ဆက်လက်ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့ ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေးအောင်မြင်မှုပန်းတိုင်သို့ အရောက်ချီတက်နိုင်မည်ဟု ခိုင်မာစွာယုံကြည်လျက် ဤ (၇၅) နှစ်မြောက်ကရင်အမျိုးသားနေ့ သဝဏ်လွှာအားပေးပို့အပ် ပါသည်။
The Committee Representing Pyidaungsu Hluttaw