မူလ / (၄၉) နှစ်ပြည့် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၄၉) နှစ်ပြည့် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်

၁။           အလုပ်သမားထုကြီးသည် သမိုင်းဝင် အလုပ်သမားသပိတ်လှုပ်ရှားမှုအား ရဲဝင့်စွာ ဖော်ဆောင်ခဲ့ကြပြီး အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် စုပေါင်း၍ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရာ ၁၉၇၄ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့မှသည် ယနေ့တွင် (၄၉)နှစ်တိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

၂။            နိုင်ငံတစ်နိုင်ငံ၏ အဓိက လူသားအရင်းအမြစ်အဖြစ်ပါဝင်သည့်  လုပ်သားပြည်သူတို့၏ ကဏ္ဍသည် လွန်စွာအရေးကြီးသည့်အလျောက် ၎င်းတို့၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများအတွက် သာမက မတရားဖိနှိပ်စေခိုင်းမှုများ၊ ခေါင်းပုံဖြတ်မှုများ၊ ခွဲခြားဆက်ဆံခံရမှုများအတွက် လိုအပ်သော ဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးသည် မဖြစ်မနေ ဖော်ဆောင် ကြရမည့် လုပ်ငန်းစဥ်တစ်ရပ်ပင် ဖြစ်ပါသည်။

၃။           ခေတ်အဆက်ဆက်တွင် တန်းတူညီမျှသော အလုပ်သမားအခွင့်အရေးများ၊ ရပိုင်ခွင့်များ အတွက် အလုပ်သမားပြည်သူများသည် ညီညီညွတ်ညွတ်ဖြင့် တောင်းဆိုဆန္ဒပြ၍ တိုက်ပွဲဝင်ခဲ့ကြ ပြီး မျက်မှောက်ခေတ် မြန်မာ့နွေဦး တော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် ဖြုတ်ချနိုင်ရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်းပြည်ပရှိ အလုပ်သမားထု ကြီးသည် ကာယအား၊ ဉာဏအားတို့ဖြင့် ပူးပေါင်းပါဝင်ပံ့ပိုးကြကာ တစ်တပ်တစ်အား ဆောင်ရွက် လျက်ရှိပါသည်။

၄။           သမိုင်းစာမျက်နှာပေါ်မှ ဇွန် (၆) ရက် အလုပ်သမားအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံ အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင်လည်း ထာဝရ မော်ကွန်းတင်ထားရမည် ဖြစ်ပါသည်။ အလုပ်သမားအင်အားစုများသည် ဂုဏ်ရည်ပြောင်မြောက် သည့် တိုက်ပွဲဝင်စိတ်ဓာတ်ကို အခြေတည်ကာ တော်လှန်ရေးအင်အားစုများ အားလုံးနှင့်အတူ ရှေ့သို့ ချီတက်၍ ပိုမိုကြိုးစားသွားကြစေရန် တိုက်တွန်းလိုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အနာဂတ် ဖက်ဒရယ်နိုင်ငံတော်သစ်တွင် အလုပ်သမားများ၏ အခွင့်အရေး များ၊ ရပိုင်ခွင့်များအား အကာအကွယ်ပေးနိုင်ရေးနှင့် လိုအပ်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် မူဝါဒများ ပေါ်ပေါက်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု လျက် ဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top