၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့ (၁၃:၃၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ပညာရေးကော်မတီတို့မှ အဖွဲ့ဝင်များသည် နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ကော်မတီ(၄)ရပ်မှ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ၏ ပညာဆက်လက်သင်ကြားနိုင်ရေး၊ နိုင်ငံခြားပညာတော်သင် စေလွှတ်နိုင်ရေး၊ မြို့နယ်များတွင် ဘုတ်အဖွဲ့ကျောင်းများအပြင် CBO၊ CSO ကျောင်းများ၊ ပုဂ္ဂလိက သင်ယူမှုများဖြင့် ဖက်ဒရယ်ပညာရေးကို ဖော်ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန် မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေး၊ လက်မှုပညာရပ်များ၊ စက်မှုပညာရပ်များ၊ စီးပွားရေးစွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ်များ၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာပညာရပ်များ၊ ဆက်သွယ်ရေးနည်းပညာရပ်များ သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကုစားမှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့်စပ်လျဥ်း၍ မေးမြန်းဆွေးနွေးခဲ့သည်။
ထို့နောက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးရာတွင် ပညာရေးကဏ္ဍတွင် နွေဦးတော်လှန်ရေးအတွင်း ပညာသင်ယူခွင့် ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက် ပညာသင်ယူနိုင်ရေးအစီအစဥ်များ ဆောင်ရွက်ထားရှိမှုများ၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment- BECA) စာမေးပွဲများ စီစဥ်ဆောင်ရွက်နေမှုများ၊ ကာကွယ်ရေးဝန်ကြီးဌာနရှိ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များအနေဖြင့် အဆင့်မြင့်ပညာသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ထားရှိမှုများ၊ ဆေးဝါးတက္ကသိုလ်၊ ဆေးတက္ကသိုလ်များအား ဖွင့်လှစ်ထားရှိမှုနှင့် တက်ရောက်နေမှုအခြေအနေများ၊ သက်မွေးပညာကဏ္ဍအား မြှင့်တင်ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ချိတ်ဆက်လျက် အွန်လိုင်းပညာရေးများ တက်ရောက်နိုင်ရန် ဆောင်ရွက်ထားမှုများ၊ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council-IFEC) အနေဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေမှုများနှင့် ကျန်းမာရေးကဏ္ဍတွင် ဆေးရုံပေါင်း (၈၀) ကျော်ဖွင့်နိုင်မှု၊ စိတ်ကျန်းမာရေးဆိုင်ရာပြန်လည်ကုစားမှုအတွက် အရေးပေါ် ဆောင်ရွက်ရန် ကျန်းမာရေးမူဝါဒများ ရေးဆွဲနေမှုများ၊ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် မသန်စွမ်းရဲဘော်များအတွက် ခြေတု၊ လက်တုဌာန (၁၁) ခုအား ဖွင့်လှစ်ထားရှိပြီး ၎င်းတို့၏ ဘဝများ ပိုမိုတိုးတက်အောင် စီစဉ်ဆောင်ရွက်နေမှုများအား ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း လွှတ်တော်ကဏ္ဍတွင် မူဝါဒများ ထွက်ပေါ်လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းလျက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားရန် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား (၁၆:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ရေးရာကော်မတီ(၄)ရပ်မှ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဝန်ကြီး ဂျာထွယ်ပန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



