၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ ၁၀၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအစီအစဥ် နောက်ဆုံးနေ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား၍ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များအနေဖြင့်လည်း သက်ဆိုင်ရာနယ်မြေအလိုက် မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ တင်ပြချက်များအား ရင်းနှီးပွင့်လင်းစွာ မျှဝေဆွေးနွေးခြင်းအတွက် တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲ၌ ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် “CRPH အနေနဲ့ကတော့ CRPH Main Body အစည်းအဝေး၊ Main Committee နဲ့ ကော်မတီ(၁၂)ရပ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ပါဝင်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများက လုပ်ငန်းဆောင်ရွက်ချက်များကို လာရောက်ရှင်းလင်းတင်ပြတဲ့အစည်းအဝေး၊ Main Committee နဲ့ ကော်မတီ (၁၂)ရပ်မှာ ပါဝင်ကြတဲ့ ကိုယ်စားလှယ်တွေအားလုံးနဲ့လည်း အစည်းအဝေးလုပ်ပါကြောင်း၊ ယခုလို အခြေအနေမျိုးကို ပြန်ကြည့်လိုက်တဲ့အခါမှာ တိုင်းဒေသကြီးအသီးသီးမှာရှိနေတဲ့ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးနဲ့တွေ့ဆုံပွဲကြီးကိုလည်း စီစဉ်ဆောင်ရွက်သွားရတဲ့ အနေအထားမျိုးတွေ ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအားလုံး အခုလိုတွေ့ရတာ အားလည်းရှိ၊ ဝမ်းလည်းဝမ်းသာပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ကာ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက တွေ့ဆုံရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ (၁) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လဆန်းအထိ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက် ထားရှိမှုအခြေအနေများ (၂) တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ (၃) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများရရှိရေး ကြိုးပမ်းချက်များနှင့် (၄) အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များ ဟူ၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်စေရန် အကြံပြုချက်များတင်ပြကာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ က “ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့သည့်အခါ မိမိတို့က ဘာလုပ်ရမယ်၊ ဘယ်ကိုသွားရမယ်၊ ဘယ်လို အင်အားစုများ စုရမည်ဆိုတာ အဖြေများ၊ အကြံဉာဏ်များ ရပါကြောင်း၊ စိုးရိမ်စိတ်များကို အချင်းချင်းကြား ရှင်းရှင်းလင်းလင်း ပြောပြနိုင်ခဲ့ပါကြောင်း၊ ဒီလိုအစည်းအဝေးမျိုးကို အချိန်အခါနှင့် လျော်ညီအောင် တွေ့နိုင်အောင် စီစဥ်ကြမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးကို (၃) ရက်ခွဲပြီး တွေ့ခြင်းက သိသင့်၊ ရသင့်သည့် အချက်အလက်များ၊ အကြံဉာဏ်များ ရရှိပါကြောင်းနှင့် ရှေ့ကို တက်လှမ်းနိုင်မည့် ဒီကာလအတွက် အကောင်းဆုံးအဖြေနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ရရှိနိုင်သည့် အစည်းအဝေးတစ်ရပ်အဖြစ် အားရ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ကာ တွေ့ဆုံမှုအား (၄)နာရီခွဲအကြာတွင် ရပ်နားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw


