မူလ / တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်

၃၀ ဇွန် ၂၀၂၁

၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆန္ဒမဲပေးရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို Online Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်နာယကအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ တိုင်းနဲ့ပြည်နယ်အသီးသီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတကာသံတမန်များ၊ လေ့လာသူများ စုစုပေါင်း ၂၇၁ ဦးတက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရဲ့အနှစ်သာရအစဉ်အလာယဉ်ကျေးမှုနဲ့အညီ ၂၀၂၀ပြည့်နှစ် နိုဝင်္ဘာလ (၈) ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင် ပြည်သူများဟာ တက်ကြွစွာနဲ့ မိမိတို့လိုလားတဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်များ ကို ရွေးချယ်ခဲ့ကြကြောင်း၊ အဆိုပါ အချိန်ကာလ တည်ဆဲဥပဒေများအရ အပြီးအပြတ် အာဏာတည်ပြီးဖြစ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများ ထုတ်ပေးထားပြီး ဖြစ်တဲ့ ကိုယ်စားလှယ်များဟာ တတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ ပထမ ပုံမှန်အစည်းအဝေး ကျင်းပမဲ့ မနက်အစော ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဘက် မဟုတ်တဲ့ စစ်ခေါင်းဆောင် အချို့ဟာ လက်နက်အားကိုးနဲ့ စစ်အာဏာသိမ်းခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဟာ ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၃% တက်ရောက်တဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးကြီးကိုအွန်လိုင်းက နေကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကို ၁၅ ဦးနဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊အခုအခါမှာ NLD ပါတီအပြင် တိုင်းရင်းသားပါတီ ၃ ခုရဲ့ ကိုယ်စားလှယ်များပါ ပါဝင်တဲ့ ကိုယ်စားလှယ် ၂၀ ဦးနဲ့ဖွဲ့ထားပြီးလွှတ်တော်ကော်မတီ ၈ ခုမှာ ကိုယ်စားလှယ်ပေါင်း (၅၄) ဦးနဲ့ လွှတ်တော်ရဲ့ တာဝန်များဖြစ်တဲ့ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ ထိန်းညှိခြင်း တာဝန်များကို အခက်အခဲပေါင်းများစွာကြားမှ ပြည်သူ့တာဝန်ကို ထမ်းဆောင်နေကြကြောင်း၊ ကြားကာလ ပြည်သူ့အစိုးရတစ်ရပ် ဖွဲ့စည်ရေးအတွက် ၂၀၀၈ဖွဲ့စည်းပုံဖျက်သိမ်းခြင်း၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဖော်ဆောင်ခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် အတည်ပြုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီက လက်နက်နဲ့စစ်အာဏာ ကိုအားကိုးပြုပြီး ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ထားခြင်း ပြစ်ဒဏ်ချမှတ် ခံထားရခြင်းတို့ကြောင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၂၁)ဦး တက်ရောက်နိုင်ခြင်းမရှိသလိုလုံခြုံရေးနဲ့ ဆက်သွယ်ရေးအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်းမရှိတဲ့ ကိုယ်စားလှယ်များလဲ ရှိနေကြောင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ် အဆင့်ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးလည်း ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ အချို့ ပြစ်ဒဏ်ချမှတ်ခံထားရခြင်းများလဲ ရှိနေကြောင်း သို့ရာတွင် စစ်ကောင်စီရဲ့ အာဏာမသက်ရောက်တဲ့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများရဲ့နယ်မြေနဲ့ လွတ်မြောက်ရာ နယ်မြေများမှာရွှေ့ပြောင်းနေထိုင်ရင်း၊ ပြည်သူပေးအပ်ထားတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရင်း ဒီကနေ့ အစည်းအဝေးကြီးကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးများရဲ့ ပြည်သူ့အပေါ် သစ္စာစောင့်သိမှုကို အထူးလေးစားပါကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အသက်တွေ ဘဝတွေပေးပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပယ်သတ်နိုင်ရေးအတွက် ကြံ့ခိုင်တဲ့ဇွဲသတ္တိ နဲ့ ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့ ဂျင်ဇီးမျိုးဆက်များနဲ့ ပူးပေါင်းပါဝင်ကြတဲ့မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းများ၊ CDM ဝန်ထမ်းများ၊ သပိတ် ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းအသီးသီးများ၊ ပြည်သူများရဲ့ ကဏ္ဍကိုလဲ လွှတ်တော်ကြီးက ဂုဏ်ပြုမှတ်တမ်းတင်ရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဒီမိုကရေစီအောက်မှာဖွံ့ဖြိုးရှင်သန်စေလိုတဲ့ နိုင်ငံတကာပါလီမန်များ၊ အစိုးရများနဲ့ ပြည်သူများရဲ့ အသိအမှတ်ပြုမှု အားပေးကူညီမှုများကိုလဲ ကျွန်တော်တို့ လွှတ်တော်ကြီးက အားထားကျေးဇူးတင်ပါကြောင်း၊ပြည်သူက ယုံမှတ်လို့ ပုံအပ်လိုက်တဲ့တာဝန်ပေးအပ်မှုကို သစ္စာရှိရှိ တာဝန်သိသိနဲ့ သန္နိဋ္ဌာန် ခိုင်မာစွာ ဆက်လက်ကြိုးပမ်းကြရန်၊ အဓမ္မက ဓမ္မကို နိုင်ရိုးမရှိဘူးဆိုတဲ့နိယာမကို လက်ကိုင်ပြုပြီး အောင်စိတ်နဲ့ ဆက်လက် ချီတက် ကြရန်နှင့် ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုတဲ့အတိုင်း မိမိတို့ရဲ့ မွေးရပ်မြေမှာ စစ်ကျွန်အဖြစ်ကရုံးထွက်ပြီး ကျွန်တော်တို့ရဲ့ သားမြေးများအတွက်၊ ညီနောင်သားချင်းများမျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ဖြစ်နိုင်သမျှနည်းလမ်းစုံနဲ့ ကျရာတာဝန်ကိုထမ်းဆောင်ရင်း ကြိုးပမ်းရမှာ ဖြစ်တဲ့အတွက် ဇွဲလုံ့လဝီရိယသတိပညာတို့နဲ့ အတူတကွ ဆက်လက်လျှောက်လှမ်းကြရန်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၏ အစီရင်ခံစာကို CRPH အဖွဲ့ဝင်တစ်ဦးမှ ဖတ်ကြားတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရယူခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ အစီရင်ခံစာကို ပြည်ထောင်စုဝန်ကြီးချုပ်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်စပ်လျဉ်းသေား အခြေအနေ အကျဉ်းချုပ်ကို လွှတ်တော်သို့ရှင်လင်းတင်ပြခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ အစီရင်ခံစာများကို ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိဂုံးချုပ်အမှာစကားပြောကြားရာ တိုင်းနဲ့ပြည်နယ်အလိုက် တင်ပြချက်များနှင့်အကြံပြုချက်များကို ကျေးဇူးတင်ကြောင်း၊ Rule by law အုပ်ချုပ်ချင်သလို အုပ်ချုပ်ဖို့ ဥပဒေတွေပြဌာန်းနေတဲ့ စနစ်ကို ကျော်လွှားပြီး တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိနိုင်ဖို့၊ ပြည်သူ့အုပ်ချုပ်ရေးစနစ်ပြန်လည်ရရှိနိုင်ဖို့ Rule of Law နဲ့ထိမ်းကျောင်းနိုင်မှသာလျှင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းမည်ဖြစ်ကြောင်း၊ CRPH , NUG နဲ့ NUCC တို့ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို လွှတ်တော်မှာ လာရောက်တင်ပြခြင်းဟာလည်း ဒီအခမ်းအနားနဲ့ ဒီအခင်းအကျင်းဟာ ဒီလွှတ်တော်အစည်းအဝေးကြီးဟာ အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတို့ရဲ့အခန်းကဏ္ဍကို ချိုးနှိမ်လို့ မရဘူးဆိုတာကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကို လိုအပ်သလို ထပ်မံခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ပြောကြားခဲ့ပြီး တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

class=wp-image-1626/
class=wp-image-1627/
class=wp-image-1628/
Scroll to Top