မူလ / ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးအား အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးအား အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး (ဒုတိယနေ့) အား ယနေ့နံနက် (၁၀:၀၀) နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၁၆) ဦး တက်ရောက်ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၅၁.၉၂) ရာခိုင်နှုန်း တက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေးအား (၂) ရက် ဆက်တိုက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

ယနေ့အစည်းအဝေးတွင် ပထမဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၏ ‘‘ရိုဟင်ဂျာများအပါအဝင် ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့တွင် တရားစွဲဆို၍ အပြစ်ပေးအရေးယူနိုင်ရေး အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအား မှတ်တမ်းကောက်ယူနေမှုအခြေနေများနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရာတွင် နစ်နာသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပြန်လည်ကုစားမှုပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များချမှတ်၍ ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်နေသည် တို့ကို သိလိုခြင်း’’ နှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တက်ရောက် ဖြေကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်၊ တာချီလိတ်မဲဆန္ဒနယ်မှ ဦးဝင်းစွမ်၏ ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစီအမံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၏ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သိရှိလိုခြင်း’’ နှင့် စပ်လျဉ်းသည့် မေးခွန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်က ဖြေကြားခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်သီရိရတနာ၏ ‘‘ဒေသန္တရပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှုလုပ်ငန်းများတွင် CDM နိုင်ငံ့ဝန်ထမ်းများအား စုစည်း ချိတ်ဆက် ဆောင်ရွက်ပြီး တာဝန်များ ခွဲဝေချထားပေးနေမှု အခြေအနေများကို ပြည်ထောင်စုအစိုးရ အဖွဲ့မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြပေးနိုင်ခြင်း ရှိ/ မရှိ’’ နှင့်စပ်လျဉ်းသည့်မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမဲဆန္ဒနယ်မှ ဦးကျော်စွာဝင်း၏ ‘‘ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ခရိုင်အတွင်းရှိ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို နာယကအဖြစ် တာဝန်ပေးအပ်နိုင်မှု ရှိ/ မရှိ’’ နှင့်စပ်လျဉ်းသည့် မေးခွန်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလွင်ကိုလတ်က ဖြေကြားပေးခဲ့သည်။

နောက်ဆုံးမေးခွန်းဖြစ်သည့် ကရင်နီပြည်နယ်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်မိုးမြာ၏ ‘‘အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့နိုင်ခဲ့မှုအခြေအနေနှင့် တော်လှန်ရေးအရှိန် မြင့်တက်လာသည့် ၂၀၂၄ ခုနှစ်တွင် ပိုမိုများပြားလာနိုင်သည့် စစ်ရှောင်ပြည်သူများအတွက် ထိထိရောက်ရောက် ကူညီပေးအပ် ရေး မည်သို့ စီစဉ်ထားရှိသည်ကို သိရှိလိုခြင်း’’ နှင့်စပ်လျဉ်းသည့်မေးခွန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက ဖြေကြားခဲ့သည်။

အဆိုပါမေးခွန်းများနှင့် ဆက်စပ်သည့် နောက်ဆက်တွဲမေးခွန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် လွှတ်တော်က မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မေးခွန်းများအား မေးမြန်းခြင်း၊ ဖြေကြားခြင်း အစီအစဉ်ပြီးနောက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်က ဖတ်ကြားတင်သွင်းခဲ့သည့် ရှမ်းပြည်နယ်၊ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းလမင်းထွန်း၏ အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး ဆုံးဖြတ်ချက်မူကြမ်းအပေါ် လွှတ်တော်၏ သဘောထားရယူပြီး အတည်ပြုကြောင်း ကြေညာခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိဂုံးချုပ်စကားပြောကြားပြီး ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top