မူလ / (၂၉) နှစ်မြောက် ကမ္ဘာ့ဆရာများနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၂၉) နှစ်မြောက် ကမ္ဘာ့ဆရာများနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်

၁။           ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးတို့၌ ဆရာ၊ ဆရာမများ၏ အတုယူဖွယ် စံတန်ဖိုးများ၊ အရည်အချင်းများနှင့် လေးစားဖွယ်ရာ ပေးဆပ် အနစ်နာခံသည့် စိတ်ထား၊ စိတ်စေတနာတို့ကို ဖော်ကျူးတန်ဖိုးထားသည့်အနေဖြင့် ကမ္ဘာ့ဆရာများ နေ့အဖြစ် ဂုဏ်ပြုကျင်းပခဲ့ရာ ယနေ့တွင် (၂၉) နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဤနေ့ထူးနေ့မြတ်ကို ဖြတ်ကျော် နေပါသည်။

၂။          ထို့ပြင် ဆရာ၊ ဆရာမများသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုနှင့် ကျောင်းသားများ၏ ပညာ သင်ကြားမှု မရပ်တန့်စေရေး ကြိုးစားဆောင်ရွက်မှုများအတွက် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု၏ ဖမ်းဆီးထောင်ချခြင်း၊ ဆိုးရွာသော လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ လူသားဂုဏ် သိက္ခာကို စော်ကားခံရခြင်းတို့ကို နိုင်ငံ့ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ ရင်ဆိုင် ခံစားနေရပါသည်။ သို့သော် နိုင်ငံတစ်ဝှမ်းရှိ CDM ဆရာ၊ ဆရာများသည် အခက်အခဲ၊ အတားအဆီး များကို ကြံ့ကြံ့ခံကာ မပြီးဆုံးသေးသော ဤလူထုနွေဦးတော်လှန်ရေးကြီးတွင် တတ်မြောက်ထား သည့် ပညာ၊ တတ်ကျွမ်းမှုတို့နှင့်အတူ ကျရာကဏ္ဍများတွင် ဆက်လက်ပါဝင်လျက် ရှိပါသည်။

၃။              ယခုတော်လှန်ရေးကာလတွင် CDM ဆရာ၊ ဆရာမများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ပညာရေးဘုတ်အဖွဲ့တို့နှင့် ပူးပေါင်းချိတ်ဆက်၍ အခက်အခဲများကြားမှပင် ပြောင်းလဲလာသော ခေတ်စနစ်များနှင့်အညီ တီထွင်ကြံဆဖန်တီးကာ ပညာသင်ယူမျှဝေမှုပုံစံမျိုးစုံဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားခွင့် ဆုံးရှုံးမှုမရှိစေရေး အတွက် မြေပြင်ကျောင်းများသာမက အွန်လိုင်းကျောင်းများ ဖွင့်လှစ်ကာ အဘက်ဘက်မှ အပတ် တကုတ် ကြိုးစားဆောင်ရွက်လျက် ရှိခြင်းကြောင့် အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

၄။              အာဏာရှင်စနစ်ဆိုး ရှင်သန်နေသည့်နိုင်ငံတိုင်းတွင် လူသားတို့၏ မွေးရာပါ အခွင့်အရေး များ ဆုံးရှုံးနေရကြရမည်ဖြစ်ပြီး မိမိတို့နိုင်ငံတော်တွင်လည်း များစွာသော ပြည်သူများ၏ အသက် သွေးချွေးများ စတေးခဲ့ရကာ ယနေ့အချိန်ထိ စနစ်ဆိုး၏ အကျိုးသက်ရောက်မှုများ ခံစားနေကြရဆဲ ဖြစ်ပါသည်။ စာသင်ခန်းများထဲတွင် ဂုဏ်သရေရှိစွာ ရှိနေရမည့် ဆရာ၊ ဆရာမများသည် အာဏာရူး စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များရန်မှ ရှောင်ရှားရင်း အာဏာရှင်စနစ်ဆိုးအား အကြွင်းအကျန် မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တော်လှန် ပုန်ကန် တိုက်ထုတ်နေကြသည့်အတွက် ပြည်သူ့ဝန်ထမ်းသူရဲကောင်း CDM ဆရာ၊ ဆရာမများနှင့် အသက်စွန့် ပေးဆပ်ခဲ့ကြသည့် အာဇာနည် သူရဲကောင်း ဆရာ၊ ဆရာမများကိုလည်း ဤနေ့ထူးနေ့မြတ်အခါသမယတွင် အထူးဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း ထပ်လောင်းဖော်ပြလိုပါသည်။

၅။              ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့တွင် မြန်မာနိုင်ငံ၏ ဆောင်ပုဒ်ဖြစ်သည့် “ဖက်ဒရယ်ပညာ ဖွံ့ဖြိုးဖို့ ဆရာအရည်အသွေးမြှင့်တင်စို့၊ ဆရာအင်အားဖြည့်တင်းဖို့ ဝိုင်းဝန်းဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရှေ့ဆက်လှမ်းမည့် ဖက်ဒရယ်ဒီမိုကရေစီခရီးလမ်းတွင်လည်း ပညာရေးကဏ္ဍ၏ ပင်မပဲ့ကိုင်ရှင် ဆရာ၊ ဆရာမများ၏ အရည်အချင်းများ တိုးတက်ဖွံ့ဖြိုးရေးသာမက အနာဂတ် မျိုးဆက်သစ်များအတွက် စွမ်းရည်ပြည့်ဝသော လုံလောက်သည့် ဆရာအင်အား ဖြည့်ဆည်းပေး နိုင်ရေးအတွက် လိုအပ်သည့် မူဝါဒ၊ ပြုပြင်ပြောင်းလဲမှုများအတွက် အတူတကွ ဆက်လက် ကြိုးပမ်း ကြပါစို့ဟု အလေးအနက်တိုက်တွန်းလျက် ယနေ့ကျရောက်သည့် (၂၉) နှစ်မြောက် ကမ္ဘာ့ဆရာ များနေ့တွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းရှိ ကျေးဇူးရှင် ဆရာ၊ ဆရာမ များ၏ ဂုဏ်ရည်ကို အစဥ်အမြဲတန်ဖိုးထားခြင်းနှင့်အတူ   ဤသဝဏ်လွှာအား ဂုဏ်ယူ ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top