၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၌ ကျင်းပလျက်ရှိသည့် နိုင်ငံတကာပါလီမန်များ ညီလာခံ (IPU)၏ Side Event အဖြစ် “Jailed For Being Elected” ခေါင်းစဉ်ဖြင့် မြန်မာစစ်တပ်၏ မတရားဖမ်းဆီး အကျဉ်းချခြင်းကို ခံနေရသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် သီးသန့် ရည်ရွယ်ကျင်းပ ဆောင်ရွက်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ နိုင်ငံတကာပါလီမန်များ ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိနေကြသည့် မြန်မာ့အရေးစိတ်ပါဝင်စားသူ နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များက ပါဝင် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ APHR ဥက္ကဋ္ဌ (မလေးရှားနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်) Mr. Charles Santiago၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဒေါ်မြတ်သီတာထွန်းနှင့် အဖွဲ့ဝင် ဦးစည်သူမောင်တို့က မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် အခဲအခက်များ၊ မတရားဖမ်းဆီးခံနေရမှုများ၊ ဥပဒေမဲ့ ခြိမ်းခြောက်ခဲ့နေရမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ များကိုထင်ဟပ်မျှဝေဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU)၏ Committee on Human Rights of Parliamentarians ဒုဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် နိုင်ငံတကာလွှတ်တော် ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည်ရရှိရေး နိုင်ငံတကာအသိုက်အဝန်းက အကူအညီပေးနိုင်မည့်ကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့အား တရားဝင်အသိအမှတ်ပြုနိုင်ရေး ကိစ္စရပ်များ အပေါ်အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw





