၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ Nusa Dua မြို့၌ ကျင်းပခဲ့သည့် (၂၀၉) ကြိမ်မြောက် IPU အမှုဆောင်ကောင်စီ အစည်းအဝေး (209th Session of IPU Governing Council) က ကမ္ဘာတဝှမ်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်တစ်ရပ်အား ချမှတ်အတည်ပြုခဲ့သည်။
ယင်းဆုံးဖြတ်ချက်တွင် “စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး (၄) ဦးအား နိုင်ငံသားအဖြစ်မှအကြမ်းဖက်ဖျက်သိမ်းမှု၊ ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ် (၆၁)ဦး၏ ဆေးဝါးကုသခွင့် နှင့် ဥပဒေအကြံဉာဏ်များမှု၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျား-မ အခြေပြု အကြမ်းဖက်ခံရခြင်းနှင့် နာမကျန်းမှုများကို ကြုံတွေ့ နေရပြီး အဆက်အသွယ် ဖြတ်တောက်ထားကာ အကျဉ်းထောင်များ၌ ဖမ်းဆီးထိန်းသိမ်းခံထားမှု၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့နှင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံနိုင်ရေး၊ အတင်းအဓမ္မ အာဏာသိမ်းမှုနောက်တွင် ပေါ်ပေါက်လာခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်မှုများကြောင့် လူအများအပြား သေကြေပျက်စီးခဲ့ရမှု၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် ၂၀ ဦးနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်လုပ်ငန်းတာဝန်များ ဆောင်ရွက်နေ ခြင်းနှင့် ပတ်သက်၍ ရုပ်ပိုင်းဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အရေးယူနေမှုများမှ ရပ်တန့်ပေးရေး၊ CRPH အဖွဲ့ဝင်များ အပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တညီတညွတ်တည်း ရပ်တည်ကြောင်း ပြသရန်နှင့် မြန်မာ နိုင်ငံတွင် ဒီမိုကရေစည်းမျဉ်းစည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစား လိုက်နာရေး ရှိစေရန်အတွက် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများနှင့် အာဆီယံ ပါလီမန် များ ညီလာခံ (AIPA) အပါအဝင် လွှတ်တော်ညီလာခံများက ဖိအားပေးရေး၊ အကျပ်အတည်းဖြေရှင်းရေးတွင် အထောက်အကူဖြစ်စေရန် အရပ်သားများအပေါ် လက်နက်အသုံးပြုမှု ရပ်တန့်ရေး အပါအဝင် ယင်းကိစ္စရပ်များတွင် ပိုမိုလုပ်ဆောင်ရေး” တို့ကို ချမှတ်တောင်းဆိုခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေး ရည်မှန်းချက်များဖြင့် အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် စပ်လျဉ်း၍ စစ်တပ်မှ တာဝန်ခံမှုရှိစေရေးနှင့် စစ်တပ်အား အရေးယူဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လက်တွဲ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
The Committee Representing Pyidaungsu Hluttaw