ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးကို (၂) ရက်တိုင်တိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် အစည်းအဝေး ပထမနေ့အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၉၁) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၆၇.၅) ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၃) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအဖွင့်တွင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့် ငြိမ်သက် အလေးပြုခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ မဒမ် မာစီခရစ္စတီဘရန့်စ်က အမှာစကားပြောကြားပြီးနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ မာတင်ချောင်ဂေါင်ထံမှ ပေးပို့သော အမှတ်တရ အမှာစကားဗီဒီယိုအား ပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ အစီရင်ခံစာတို့အား လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ချင်းညီနောင်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်အား ရှမ်းပြည်နယ်၊ ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းသည့် “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တ လျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေး အင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း” အဆိုအား မွန်ပြည်နယ်၊ ဘီလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက တင်သွင်းခဲ့ပြီး ၎င်းအဆိုနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်က ဒေါ်နီနီဒွန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ပထမနေ့အား နေ့လယ် ၁:၃၀ နာရီခန့်တွင် ရပ်နားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များနှင့် မီဒီယာများ ပါဝင်တက်ရောက်ခဲ့သည်။
The Committee Representing Pyidaungsu Hluttaw
















