မူလ / ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး ပထမနေ့အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး ပထမနေ့အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးကို (၂) ရက်တိုင်တိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစည်းအဝေး ပထမနေ့အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၁၁) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၅၀.၇၂) ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၈) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအဖွင့်တွင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့် ငြိမ်သက် အလေးပြုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ပြီး ကယား/ကရင်နီပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးရောဘတ်ညေးရယ်က ပြည်ထောင်စုလွှတ်တော်၏ သဘောထားထုတ်ပြန်ကြေညာချက်အား ဖတ်ကြားတင်သွင်းခဲ့ကာ လွှတ်တော်က အတည်ပြုခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဋ္ဌ Hon. Dr. Tulia Ackson နှင့် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စ ဟေဒီဟောတလာတို့ထံမှ ပေးပို့သော မိန့်ခွန်းဗီဒီယိုတို့အား ပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) ဥက္ကဋ္ဌမှ ပေးပို့သော အမှာစကားအား နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက ဖတ်ကြားခဲ့ပြီး မြန်မာလွှတ်တော်နှင့်ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်လွှတ်တော်ကိုယ်စားလှယ် Janelle Saffin မှ ပေးပို့သော အမှာစကားအား နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးစည်သူမောင်က ဖတ်ကြားခဲ့ပါသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနှင့် ဆက်ဆံရေးခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ အစီရင်ခံစာတို့အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

ဆက်လက်၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ပြီးမြောက်နိုင်ရန် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းလာစေပြီး နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား ဗျူဟာမြောက် စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုအား ရှမ်းပြည်နယ်၊ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းလမင်းထွန်းက တင်သွင်းခဲ့ပြီး ၎င်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး ပထမနေ့အား နေ့လယ် ၁:၄၅ နာရီတွင် ရပ်နားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များနှင့် မီဒီယာများ ပါဝင်တက်ရောက်ခဲ့သည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top