မူလ / ပြည်သူ့ရေးရာကော်မတီ

ပြည်သူ့ရေးရာကော်မတီ

ပြည်သူ့ရေးရာကော်မတီသည် ပြည်သူများ၏ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အရေးပေါ်လူသားချင်းဆိုင်ရာအကူအညီများ ပံ့ပိုးပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ အထူးသဖြင့် ငြိမ်းချမ်းသော အာဏာဖီဆန်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် CDM ပြည်သူ့ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ကူညီပံ့ပိုးခြင်းသည် ကော်မတီ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။

ထိုသို့ကူညီဆောင်ရွက်ရာတွင် ထောက်ပံ့နိုင်မှု အကန့်အသတ်ရှိခြင်းကြောင့် ကော်မတီ အနေဖြင့် ဝန်ထမ်းများ၏ မီးဖွားစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားဝတ်နေရေး အခက်အခဲရှိမှုတို့အတွက် အဓိကပံ့ပိုးပေးလျက်ရှိပြီး နေရပ်စွန့်ခွာနေထိုင်ရသူများ၊ ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကိုလည်း ကူညီထောက်ပံ့လျက်ရှိပါသည်။

ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံတကာမှ လှူဒါန်းငွေများ၊ Ahlu Shin Application နှင့် Spring Legends YouTube Channel တို့၏ ဝင်ငွေများဖြင့် အရေးပေါ်အကူအညီများကို ကူညီပံ့ပိုးလျက်ရှိပါသည်။ ထို့အပြင် CDM ပြည်သူ့ဝန်ထမ်းများအပေါ် တော်လှန်ရေး အလွန်ကာလများ၌ အခွင့်အရေး၊ ရပိုင်ခွင့်များအတွက် မူဝါဒများ ချမှတ်သွားရန် ပြင်ဆင်လျက် ရှိရာ CDM Success Committee အပါအဝင် ဝန်ကြီးဌာနများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြင်ပအလှူရှင်များနှင့် ပူးပေါင်းချိတ်ဆက်ကာ ကူညီပေးလျက်ရှိပါသည်။

Scroll to Top