မူလ / နိုင်ငံတကာဆက်ဆံရေးကော်မတီ
နိုင်ငံတကာဆက်ဆံရေးကော်မတီသည် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လွှတ်တော်ရေးရာ သံတမန်ဆက်ဆံရေးလုပ်ငန်းများ အားကောင်းလာစေရေး၊ နိုင်ငံတကာအသိုက်အဝန်းမှ အသိအမှတ်ပြုမှုရရှိရေးနှင့် ပံ့ပိုးကူညီမှုများရရှိရေးတို့ကို တာဝန်ခံ ဆောင်ရွက်ပါသည်။
နိုင်ငံတကာဆက်ဆံရေးကော်မတီသည် ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်များ ချိတ်ဆက် ဆက်သွယ်ဆက်ဆံရေး ခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်နေသည့်နည်းတူ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု များအား နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်အစည်းအဝေးများ၊ ဆွေးနွေးပွဲများသို့ မြန်မာလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ကိုယ်စားပြု၍ တက်ရောက်ဆွေးနွေးလျက် ရှိသည်။
အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်များ အပေါ် ကျူးလွန်လျက်ရှိသည့် ပြစ်မှုများအတွက် တာဝန်ခံမှုရှိစေရေးနှင့် အပြစ်ပေးအရေးယူနိုင်ရေး၊ စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေး၊ အရေးယူပိတ်ဆို့မှုများ၊ စစ်လက်နက်ရောင်းဝယ်မှု ပိတ်ပင် တားဆီးပေးရေးတို့အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ ဦးစား ပေး ဆောင်ရွက်လျက် ရှိပါသည်။
Scroll to Top