မူလ / နောက်ခံသမိုင်း

နောက်ခံသမိုင်း

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေများနှင့်အညီ ကျင်းပပေးခဲ့ပြီး နိုင်ငံသားများက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် ဗုံးဖောက်ခွဲ ခြိမ်းခြောက်မှု များကြားမှ ဒီမိုကရေစီလိုလားသည့် ပြင်းပြသည့် စိတ်ဆန္ဒနှင့်အတူ တက်တက်ကြွကြွ ဆန္ဒမဲ ပေးခဲ့ကြပါသည်။

တရားဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၇၁ % ကျော်က ဆန္ဒမဲပေးခဲ့ကြပြီး ခိုင်လုံမဲ ၉၆ % ကျော် ရှိခဲ့သည့် ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှုရှိကြောင်း ပြည်တွင်းပြည်ပရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက အသိအမှတ်ပြုခဲ့ကြသည်။

ရွေးကောက်ပွဲသို့ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ပြီး လွှတ်တော်အလိုက် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့မှုမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

  • ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၃၃၀ ရှိသည့်အနက် ၃၁၅ နေရာ
  • အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၆၈ ရှိသည့်အနက် ၁၆၁ နေရာ
  • တိုင်းဒေသကြီး/ပြည်နယ်မဲဆန္ဒနယ် ၇၆၃ ရှိသည့်အနက် ၆၄၁ နေရာ (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအတွက် အပါအဝင်)
 

 

 

 

 

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နေရာအများအပြားတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သည့် စစ်တပ်၏ မိတ်ဖက်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲစာရင်းမှားယွင်းမှု ရှိသည်ဟု အထောက်အထားခိုင်မာစွာမရှိဘဲ မှားယွင်းစွပ်စွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲအပြီး အင်တာဗျူးတွင် “ပြည်သူ့ဆန္ဒနှင့် ပြည်သူ့ဆန္ဒအရ ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံကြောင်းနှင့် ငြင်းပယ်ရန် မရှိကြောင်း” ဖြေကြားခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ တတိယအကြိမ်လွှတ်တော် အစည်းအဝေးအသစ် မစတင်မီ နာရီပိုင်းအလိုတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ ပြည်သူလူထုက ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ သံဃာတော်များ၊ နိုင်ငံရေးနှင့်လူမှုရေးတက်ကြွသူများ၊ ကျောင်းသားလူငယ်များနှင့် အနုပညာရှင်များကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

ဖွဲ့စည်းခြင်းနှင့်လုပ်ပိုင်ခွင့်

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် (၂၉၈) ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တတိယအကြိမ်လွှတ်တော်၏ ပထမဆုံး အရေးပေါ်လွှတ်တော်အစည်းအဝေးတစ်ရပ်ကို ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် စစ်တပ်မှ အာဏာသိမ်းမှုကြောင့် ပုံမှန်လွှတ်တော်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခြေအနေမရှိခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ” အား လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးမှ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၆၃% တက်ရောက်ခဲ့ကြသည့်အတွက် အစည်းအဝေး အထမြောက်ခဲ့သည်။ အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ကြသည့် အခြားသော လွှတ်တော် ကိုယ်စားလှယ် (၁၀၀) ဦး ခန့်မှ CRPH ဖွဲ့စည်းမှုနှင့် ကိုယ်စားလှယ်များခန့်အပ်တာဝန်ပေးမှုကို သဘောတူ ထောက်ခံကြောင်း လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ကြသည်။ 

အဆိုပါလွှတ်တော်အစည်းအဝေးသည် CRPH အား ပြည်သူလူထု၏ ထောက်ခံမှုနှင့်အတူ ဥပဒေပြုရေး၊ စောင့်ကြည့်ထိန်းကျောင်းရေးနှင့် ကိုယ်စားပြုရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်၊ နိုင်ငံတကာလွှတ်တော်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးခိုင်မာစေရေး ဆက်သွယ် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကော်မတီသည် တိုင်းရင်းသားပါတီများမှ အဖွဲ့ဝင် (၂) ဦးအား ထပ်တိုး၍ စုစုပေါင်း အဖွဲ့ဝင် (၁၇) ဦးအထိ တိုးမြှင့်ခဲ့သည်။ ယင်းနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ကော်မတီတွင် အဖွဲ့ဝင် (၃) ဦး ထပ်မံတိုးချဲ့၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်အား ကော်မတီဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

Scroll to Top